Wednesday, October 13, 2010

ချီလီနိုင်ငံ မိုင်းတွင်းပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်း



ပြီးခဲ့တဲ့ သြဂုတ်လ စောစောပိုင်းလောက်က ချီလီနိုင်ငံရှိ ကြေးနီနှင့်ရွှေ တူးတဲ့ (San Jose Mine) မိုင်းတွင်း ပြိုကြခဲ့တာကြောင့် မိုင်းလုပ်သား (၃၃) ဦးဟာ မြေအောက် မီတာ (၇၀၀) ကျော်မှာ ပိတ်မိနေခဲ့ကြပါတယ်။

ပိတ်မိနေတဲ့ မိုင်းလုပ်သား (၃၃) ဦးထဲမှာ ဘိုလစ်ဗီးယားနိုင်ငံသား (Carlos Mamani) ဆိုသူ တဦးပါရှိပြီး ကျန် (၃၂) ဦးကတော့ ချီလီ နိုင်ငံသားများဖြစ်ပါတယ်။

မိုင်းတွင်းပြိုကျလို့ မြေအောက်မှာပိတ်မိနေတဲ့အချိန် ပြင်ပနှင့်အဆက်အသွယ်မရသေးခင် မိုင်းလုပ်သားတွေဟာ နှစ်ရက်စာလောက်သာရှိတဲ့ ရိက္ခာနဲ့ (၁၇)ရက် ကြာအောင် ကြိုးစားပြီး အသက်ရှင်အောင် ရပ်တည်ခဲ့ကြပါတယ်။


မိုင်းတွင်းပြိုကျလို့ စတင်ပိတ်မိချိန်ကစပြီး ချီလီနိုင်ငံအစိုးရနဲ့ တာဝန်ရှိသူတွေရဲ့ နည်းမျိုးစုံနဲ့ နေ့ရော၊ ညပါ ကြိုးစားမှု နိုင်ငံတကာမှလည်း ပံ့ပိုးကူညီမှုတွေကြောင့် (၆၉)ရက်ကြာ မြေအောက်မှာ ပိတ်မိအပြီးမှာတော့၊ ပိတ်မိနေတဲ့နေရာအထိ နှစ်ပေကျော်ရှိတဲ့တွင်းတခု အောင်မြင်စွာတူးဖေါ်နိုင်ခဲ့ပြီး မိုင်းလုပ်သားတွေကို မြေပေါ်သို့ တယောက်ချင်းစီ စတင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ည (ချီလီဒေသစံတော်ချိန်) သန်းခေါင်ကျော်ပြီး ၁၀မိနစ်မှာ ပိတ်မိနေတဲ့မိုင်းလုပ်သား (၃၃)ဦးအထဲက ချီလီနိုင်ငံသား (Florencio Avalos) ကို ပထမဦးဆုံး စတင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နောက်ဆုံးမှ ကယ်ထုတ်ခံရသူကတော့ အသက် ၄၅ နှစ် အရွယ်ရှိ ကြီးကြပ်ရေးမှူး (Luis Urzua) ဖြစ်ပါတယ်၊ သူဟာ မိုင်းတွင်းပြိုကျမှုအောက်မှာ မြေပေါ်နှင့် အဆက်အသွယ်မရခင် (၁၇) ရက် လုံးလုံး မိုင်းလုပ်သားတွေအားလုံး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သူ့ရဲ့ ခေါင်းဆောင်ပီသစွာ ကြိုးစားမှုနှင့် ခေါင်းဆောင်နိုင်မှုကို ချီးကျူး အသိမှတ်ပြုစရာ ဖြစ်ပါတယ်။

မြေပေါ်သို့ တယောက်ချင်းစီ ကယ်ထုတ်ပြီး ရောက်ရှိလာတဲ့ မိုင်းလုပ်သားတွေကို လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးပေးဖို့အတွက် တာဝန်ရှိသူတွေဟာ အနီးရှိ (Copiapo) မြို့ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားပါတယ်။


ကယ်ဆယ်ရေး စတင်လုပ်ဆောင်ချိန်မှာ ကမ္ဘာတလွှားက သတင်းသမား တထောင်ကျော် သတင်းယူဖို့ မိုင်းတွင်းဝမှာ စုရုံးရောက်ရှိခဲ့ကြပြီး၊ ဘီဘီစီ သတင်းဌာနက အဲဒီကယ်ဆယ်ရေး လုပ်ငန်းတခုလုံး စတင်ချိန်ကစပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက်ကြည့်ရှုနိုင်အောင် ထုတ်လွှင့်ပြသခဲ့ပါတယ်။


ကယ်ဆယ်ရေး စတင်ချိန်ကစပြီး ချီလီ သမ္မတ ဆီဘတ်စတီယမ် ပင်ညဲရား၊ ချီလီနိုင်ငံ သတ္တုတွင်း ဝန်ကြီး (Laurence Golborne) တို့ဟာ အခြားတာဝန်ရှိသူတွေနဲ့အတူ အနီးကပ်လာရောက် ကြည့်ရှုအားပေးခဲ့ပြီး မိုင်းလုပ်သားတွေနဲ့ ၎င်းတို့ကို လာရောက်စောင့်မျှော်ကြိုဆိုကြတဲ့ မိသားစုတွေကို ကိုယ့်ရဲ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းပမာ နွေးနွေးထွေးထွေး ဖက်လှဲတကင်းနှင့် နှုတ်ဆက်အားပေးနေပုံကို ကြည့်ပြီး သူတို့ရဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် လေးစား၊စာနာတတ်မှု အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ အရေးတယူနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးမှု၊ တာဝန်သိတတ်၊ ကျေပွန်မှုတွေကို လေးစား၊ချီးကျူး အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment