Thursday, April 30, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် နအဖ တွေ့ဆုံဆွေးနွေးခဲ့မှုများ



Dialogue Between Military Government and NLD height="500" width="100%">




Wednesday, April 29, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာစာတမ်း





ရွှေဂုံတိုင်ကြေငြာစာတမ်း

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘောတူညီကြသည့်အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်သည်။


အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -


(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။


(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး ။


ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။


(ဂ) စည်းရုံးရေး။


တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။


(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။


ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။


(င) တွေ့ဆုံဆွေးနွေးရေး။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်သည်။


“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။


သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်


(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။


(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။


(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။


အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။


ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -


(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။



Tuesday, April 28, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ညှိနှိုင်းဆွေးနွေးပွဲကြီး ဧပြီလ ၂၀၀၉ ခုနှစ်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးပွဲကြီးကို ၂၀၀၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ်ရုံး၌ စတင်ကျင်းပခဲ့ရာ ပြည်နယ်နှင့်တိုင်းများမှ စည်းရုံးရေးအဖွဲ့ဝင် (၆၃)ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၃)ဦး ဗဟိုလူငယ်အဖွဲ့မှ(၃)ဦး ဗဟိုအမျိုးသမီးအဖွဲ့မှ(၃)ဦး တက်ရောက်ခဲ့ကြပြီး စီအာပီပီ (CRPP) အဖွဲ့ဝင်များ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြပါသည် ။






အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကြီးကို ၂၀၀၉ ခုနှစ် ဧပြီလ (၂၈)ရက်နေ့ မှ (၂၉)ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးပွဲကြီး မစတင်မီ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းက၎င်း စည်းရုံးရေးဆိုင်ရာအစီရင်ခံစာကို ဦးအုန်းကြိုင်က၎င်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအစီရင်ခံစာကို ဦးသိန်းညွှန့်က၎င်း အသီးသီးဖတ်ကြားတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ ပြန်လှန်ဆွေးနွေးခဲ့ကြကာ မရှင်းသည့် အချက်များ မေးမြန်းချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်ဖြေကြားသွားပါသည် ။




height="500" width="100%">



အာဏာပိုင်တွေဘက်ကလည်း ယခင်ပြုလုပ်နေကြထက် လုံခြုံရေးအင်အားတိုး၍ချထားကာ အနီးကပ်စောင့်ကြပ်ကြည့်ရှုနေကြပြီး ယခုအချိန်ထိတော့ တစုံတရာ နှောက်ယှက် ဟန့်တားတာ မရှိသေးကြောင်း သတင်းရရှိပါသည် ။



Saturday, April 25, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၂ ခုနှစ် မေလ နေအိမ်အကျယ်ချုပ် လွတ်ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ




ဒေါ်အောင်ဆန်းစုကြည်၏၂၀၀၃ ခုနှစ် မုံရွာစည်းရုံးရေးခရီးမိန့်ခွန်း




ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၂ ခုနှစ် တွင်ပြောကြားခဲ့သော အမှာစကား



ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၉၆ ခုနှစ် နေအိမ်ခြံဝင်းရှေ့မိန့်ခွန်း



NLD(LA) ဂျပန်ဌာနခွဲ၏ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတေး



NLD(LA) ဂျပန်ဌာနခွဲလှုပ်ရှားမှုများ









NLD(LA)မလေးရှားဌာနခွဲနှင့်ဒီမိုကရေစီရေးလှုပ်ရှားသူများ





I am Aung San Suu Kyi




Who is Aung San Suu Kyi?




Mother of peace




Black Eyed Peas Dedication to Aung San Suu Kyi




Freedom from fear - trailer




Freedom from fear



Who is Aung San of Myanmar?




စိန်စီသောည(Heaven & Hell)






ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြတ်များ






လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဗီအိုအေဦးကျော်ဇံသာနဲ့ ဦးအေးသာအောင်၊ ဒေါက်တာဦးသောင်းထွန်းတို့ ဆွေးနွေးခန်းတစ်ခုမှာ ကုလအတွင်းရေးမှူး ဘန်ကီမွန်း မြန်မာပြည်ကို သွားသင့်မသင့် ဆွေးနွေးကြပါတယ်။


ဆွေးနွေးပွဲရဲ့ အဓိက အခြေခံ(Theme)အဖြစ် ဦးကျော်ဇံသာက ဇောင်းပေးသွားတာက တစ်ခုခုရမှ၊ အနည်းဆုံးအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနိုင်မယ်ဆိုမှ ဘန်ကီမွန်းက သွားမယ်လို့ မသွားခင် တောင်းဆိုနေတာထက် အရင်ရောက်အောင်သွားပြီးမှ တစ်ခုခုရအောင် (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသားတွေလွှတ်အောင် ဆွေးနွေးတာ ပိုမဖြစ်သင့်ဘူးလားဆိုတာဖြစ်ပါတယ်။


တချို့ကိစ္စတွေမှာ စကားအရ ချက်ကျလက်ကျ၊ သဘာဝကျကျ၊ ယုတ္တိကျကျ ပြောနိုင်ပေမဲ့ တစ်ကယ်အကောင်အထည်ဖေါ်တဲ့အခါမှာ ဘယ်လိုမှ လက်တွေ့မကျ၊ အံမကျနဲ့ အလုပ်မဖြစ်နိုင်တာတွေရှိတတ်တယ်ဆိုရင် ဦးကျော်ဇံသာရဲ့ အထက်ပါဆွေးနွေးပွဲဟာ အတိအကျ ဥပမာတစ်ခုဖြစ်ပါတယ်။


အမေရိကန်သမတ ဘရက်အိုဘားမားက ကြိုတင်လိုအပ်ချက် (Preconditon)တွေ မထားဘဲ အီရန်နဲ့ဆွေးနွေးမယ်လို့ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို အိုဘားမားက “ကျုပ်က အီရန်သမတနဲ့ လက်ဖက်ရည်ထိုင်သောက်ပြီး အပြင်းပြေ အလ္လာပ သလ္လာပ စကားစမည်ပြောဖို့ သွားမှာမဟုတ်ဘူး”လို့ ပြန်ချေပခဲ့ပါတယ်။


ကမ္ဘာ့ရေးရာကိစ္စတွေမှာ ထူးခြားတဲ့ ၀ိသေသတွေနဲ့အတူ တစ်ခုတည်းသော အင်အားအကြီးဆုံး နိုင်ငံပေါင်းစုံအဖွဲ့အစည်းကြီးတစ်ခုရဲ့ တာဝန်အရှိဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဒီလောက်များမြောင်လှတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စအထောင်အသောင်းတွေကို မအားမလပ်ဆောင်ရွက်နေရတဲ့ကြားက မြန်မာပြည်ကို အချိန်ပေးပြီး သွားရောက်ဆွေးနွေးဖို့ကိစ္စကို ကိုဇာနည်တို့၊ ကိုဇော်မင်းဦးတို့ရဲ့ ခရီးစဉ်နဲ့ ရောထွေးပြီး တန်းတူထား မစဉ်းစားသင့်ဘူးလို့ ထင်ပါတယ်။


ဘန်ကီမွန်းလို တာဝန်ကြီးတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တကူးတက အချိန်ပေး မြန်မာပြည်လာပြီး ဗိုလ်သန်းရွှေကို ရလိုရငြား ပြောကြည့်ပါ။ ငါးမရလဲ ရေချိုးပြန်ပါလို့ တိုက်တွန်းသူတွေက တိုက်တွန်းနိုင်ပေမဲ့ သိသာမြင်သာတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်ထွန်းဖို့ အလားအလာမရှိဘဲ၊ ဘန်ကီမွန်းလို အဆင့်ရှိသူက မလာနိုင်ဘူးဆိုတာလောက်ကိုတော့ နားလည်ပေးသင့်ကြပါတယ်။ ဒီနေရာမှာ ဘန်ကီမွန်းလာခြင်းကို ကျနော်မကန့်ကွက်သည့်အပြင် လာခြင်းကို အမြဲတမ်းကြိုဆိုပါတယ်။ ဘန်ကီမွန်းက မြန်မာ့အရေး ဖြေရှင်းလို့မပြီးမချင်း မြန်မာပြည်က မပြန်ဖူးဆိုလျင် ပိုကြိုက်ပါတယ်။ သို့သော် ဘန်ကီမွန်းအနေနဲ့ သူ့ခရီးစဉ်က သိသာတဲ့ တိုးတက်မှုတစုံတရာကို မမြင်လို့ မလာနိုင်ဘူးဆိုလျင် နားလည်နိုင်ကြောင်း၊ နားလည်သင့်ကြောင်း ဆွေးနွေးခြင်းသာဖြစ်ပါတယ်။


ဒီလိုအမြင်မျိုးနဲ့ အလွယ်ချဉ်းကပ်ပြီး လက်တွေ့မကျ အတတ(Naive)အကြံပေးမှု ပုံစံတစ်ခုကို အင်အယ်လ်ဒီနဲ့ စီးပွါးရေး ပိတ်ဆို့မှုကိစ္စကို ပူးတွဲစဉ်းစားတဲ့ ခုနေခါမှာ တွေ့ရှိနေရပါတယ်။ ဟိုဟာဖြစ်ရင် ဟိုလိုလုပ်လိုက်ပါလား။ ဒီဟာဖြစ်ရင် ဒီလိုလုပ်လိုက်ပါလားဆိုတဲ့ အလွယ်စဉ်းစားတတ်မှု(Simplistic thinking)နဲ့ အကြံပြုတတ်သူတွေဟာ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်တတ်တဲ့၊ တစ်သက်လုံး ကိုယ့်တံတွေး ကိုယ်ပြန်မြို၊ ကိုယ့်နှပ်ချေးဖတ် ကိုယ်ပြန်ကော်စားတတ်တဲ့ စစ်အာဏာရှင်တွေကို လျော့တွက်ကြဟန်တူပါတယ်။ အင်အယ်လ်ဒီကဘဲ စီးပွါးရေးပိတ်ဆို့မှုကို မတောင်းဆိုကြောင်း၊ ဆန့်ကျင်ကြောင်း ကြေညာချက်လေး တစ်ခုထုတ်လိုက်တာနဲ့ ပြသနာတွေကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ထင်နေသူများကို နအဖ၏ သဘောသဘာဝကို မေ့လွယ်နေကြတာလား။ မေ့ချင်ယောင်ဆောင်နေကြတာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။


အချုပ်အနှောင်ခံထားရပြီး သူမရဲ့ပါတီဝင်တွေ၊ သူမရဲ့ပြည်သူတွေ၊ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ အဆက်ဖြတ်ခံထားတဲ့ခေါင်းဆောင်နဲ့ သူမရဲ့ ခြေဖြတ်လက်ဖြတ်နဲ့ မသေမရှင်အထားခံရတဲ့ပါတီက ကျနော်၊ ကျမတို့မှားပါတယ်။ တပ်မတော် မှန်ပါတယ်လို့ပြောလိုက်ရုံနဲ့ စစ်အာဏာရူးတွေက စိတ်ကောင်းဝင်ပြီး ဒီမိုကရေစီစနစ်ဆီ လျောလျောရှူရှူ လျှောက်လှမ်းသွားလိမ့်မယ်ထင်ပြီး ပြသနာကို အလွယ်ကြည့်တာမျိုး (Simplistic way)ဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို လှည့်စားဖို့ (Media Manipulation)အတွက် စားနေကြ ကြောင်ဖါးကြီး စစ်အာဏာရှင်တွေ ချထားတဲ့ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်နိုင်ခြင်းဖြစ်ပါတယ်။


အင်အယ်လ်ဒီက ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းတပ်ပြီး စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးထောက်လိုက်ရုံနဲ့ ပြသနာတွေကို ဖြေရှင်းသွားမယ်ဆိုရင်၊ ဒီမိုကရေစီရရေးအတွက် လမ်းပွင့်သွားမယ်ဆိုရင် ပြည်သူအတွက် အင်အယ်လ်ဒီက အချိန်မရွေး မတွန့်မရွံ့အစတေးခံနိုင်ပါတယ်။ တိုင်းပြည်သာ တစ်ကယ်အကျိုးရှိသွားပါစေ။ ယနေ့တိုင် အထုခံ၊ အချုပ်ခံ၊ အသေခံပြီးပြန်တိုက်နေတာ လူထုအတွက်ပါ။ တစ်ကိုယ်ရေ ကောင်းစားဖို့ဆိုရင် မောင့်သဘောလို့ တစ်ခွန်းပြောလိုက်ရုံနဲ့ နအဖနဲ့ နှစ်ပါးသွားပြီး အင်အယ်လ်ဒီပါတီက အချိန်မရွေး အကောင်လုပ်နိုင်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအဓိက၊ ငါအဓိကလို့ ဘယ်သောအခါမှ မပြောခဲ့၊ မကျင့်ခဲ့ပါဘူး။ လူထုသာ အမြဲတမ်း အဓိကဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်ကြားချက်၊ ကျနော်တို့ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။


မှတ်မိကြပါသေးလား။ ဗိုလ်ချုပ်စောမောင်က နယ်ချဲ့လက်ဝေခံ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်သူလူထုကို ဒီမိုကရေစီပေးဖို့ နှောင့်နေးနေရတာပါဆိုပြီး လူသိရှင်ကြားမိန့်ခွန်းချွေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျမကြောင့် စစ်ဗိုလ်ချုပ်ကြီးများအနေနဲ့ လူထုကို ဒီမိုကရေစီပေးဖို့ခက်နေပါတယ်ဆိုရင် ကျမမြန်မာပြည်က ထွက်ပေးပါ့မယ်။ ကျမထွက်သွားပြီးရင် လူထုကို ဒီမိုကရေစီ ချက်ချင်းပေးမယ်လို့ ဂတိပြုပါဆိုပြီး တောင်းဆို (Challenge)တော့ ဗိုလ်ချုပ်စောမောင် ပိတ်သွားတယ်လေ။


ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စီးပွါးရေးပိတ်ဆို့မှုအပါအ၀င် ပြသနာတွေအားလုံး ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကိုတော့ မလုံလောက်ပါဘူးလို့ ဘယ်လိုဆင်ခြင်တုံတရားကို အခြေခံပြီး ဆိုနိုင်ပါသလဲ။ နအဖက ပြသနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းလိုလျင် ပြသနာကို ဖြေရှင်းနိုင်သူနဲ့ ဆွေးနွေးဖို့လိုပါတယ်။ နအဖသာ တစ်ကယ်ရိုးသားတယ်ဆိုရင် မိမိရဲ့ ဆွေးနွေးဖက်ကို ချုပ်နှောင်ပိတ်ဆို့ထားပြီး ဓါးစာခံထား ပြန်ပေးငွေတောင်းသလိုလုပ်နေစရာ မလိုပါဘူး။


အချက်လေးချက်ဖြစ်တဲ့ စီးပွါးရေး ပိတ်ဆို့မှု၊ ထိတ်တိုက်ရင်ဆိုင်မှု၊ အလုံးစုံပျက်သုံးမှု၊ အထီးကျန်ဖြစ်စေမှုတွေကို အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ကြေညာရမယ်လို့ အချုပ်သားနဲ့ ထောင်မှူး ဆက်ဆံရေးပုံစံနဲ့ တောင်းဆိုထားတယ်။ ဒီကတည်းက ထောင်မှူးက ပြသနာရဲ့ အဖြေကို လိုချင်တာမဟုတ်ဘဲ၊ ဒူးထောက်အညံ့ခံမှု(Submission)ကိုသာ လိုချင်တာ အထင်အရှားပါ။ အင်အယ်လ်ဒီက ဒီစွပ်စွဲချက်တွေကို ညင်းဆိုပြီး ဆွေးနွေးလိုကြောင်း၊ တပ်မတော်နဲ့ ပူးပေါင်း ဖြေရှင်းလိုကြောင်း ပြန်ကြားထားတယ်။ လူထုထောက်ခံမှု ရရှိနေတဲ့ပါတီတစ်ရပ်ကို လူထုယုံကြည်မှုကင်းသွားအောင် အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေးသတ်တဲ့သဘောနဲ့ အတင်းဝန်ခံခိုင်းနေတာကို သိသိကြီးနဲ့ အင်အယ်လ်ဒီက ခေါင်းမလျိုနိုင်ပါဘူး။


ကဲ အခု မဟာညာဏ်ကြီးရှင်များ အကြံပြုသလို စီးပွါးရေး ပိတ်ဆို့မှုကို အင်အယ်လ်ဒီက ရုပ်သိမ်းပေးပါလို့ စာထုတ်ပေးတယ်ဆိုပါစို့။ နအဖက ကျုပ်တောင်းထားတာ လေးချက်ဖြစ်တယ်။ နောက်သုံးချက်ကိုပါ စွန့်လွှတ်ကြောင်း ထုတ်ပြန်ပေးပါလို့ ထပ်ဆိုလာရင် အဲဒီသုံးချက်အတွက်ပါ အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ထုတ်ပြန်ပေးရမယ်လို့ ဆက်လက်အကြံပြုလိုပါသလား။ ဒီလေးချက်ပြီးရင် နောက်ဘယ်နှစ်ချက် ထပ်မလာတော့ဘူးလို့ ဘယ်မဟာ ညာဏ်ကြီးရှင်က အာမခံနိုင်ပါသလဲ။ လူသုံးယောက် ဟင်းသုံးတုံးရှိတဲ့ထမင်းဝိုင်းမှာ လက်နှစ်ဖက်စလုံးနဲ့ ဟင်းတုန်းနှစ်တုန်းကို ပြိုင်တူကိုင်ပြီး နောက်တစ်တုန်းကို မျက်စောင်းထိုးနေတဲ့ စစ်အာဏာရှင်တွေ လိုချင်တိုင်းသာ ဖြေ့ပေးရမယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုဟာ အရင်အတိုင်း မြောက်လောင်းသာဖြစ်နေမှာကို ကျနော်တို့က သိထားပြီးဖြစ်ပါတယ်။


ဖြစ်စဉ်တွေကို ပြန်ကြည့်ပါ။ ကိုယ့်ပြည်တွင်း ပြသနာတွေကို ကိုယ့်ပြည်သူအချင်းချင်းသာ ဖြေရှင်းရမယ်။ နိုင်ငံခြားကို အားမကိုးနဲ့လို့ သူတို့ဘဲပြောတယ်။ တစ်ခါ သူတို့ကဘဲ ကိုယ့်ဆွေးနွေးဖက်တွေနဲ့ ဆွေးနွေးအဖြေရှာရမဲ့အစား ထောင်ချပစ်တယ်။ တစ်ကယ်တော့ နအဖသာ ရိုးသားရင် နအဖနဲ့ အင်အယ်လ်ဒီ ဆွေးနွေးပွဲမှာ ကုလပါဖို့ မလိုပါဘူး။ နအဖက ကလီကမာနဲ့ မဆွေးနွေးလိုလို့သာ ကုလက ကြားဝင်လာရတာပါ။


ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို ပြန်ကြည့်ပါ။ ဘယ်သူကမှ ကန့်ကွက်လို့မရ ချပြထားတဲ့အတိုင်းသာ ဆွေးနွေးရတဲ့ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေးကို ဆယ့်သုံးနှစ်ကျော်အောင် ဘာလို့ ကြာခဲ့ရသလဲ။ ဘာတွေကို ဘယ်သူတွေက လေးလေးနက်နက် ဆွေးနွေးနေကြလို့လဲ။ ကြာလေကောင်းလေဆိုပြီး အချိန်ဆွဲနေတာ အထင်အရှားပါ။


တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စေတနာမှန်နဲ့ ဖြေရှင်းလိုရိုးမှန်ရင် ဖြေရှင်းနိုင်တဲ့သူနဲ့ ဆွေးနွေးရမှာပါ။ အခုလို အခုတစ်မျိုး တော်တော်ကြာတစ်မျိုး လုပ်ပြနေတာက ပြသနာတွေကို မဖြေရှင်းလိုလို့ဆိုတာကို ဘာ့ကြောင့်မမြင်နိုင်ကြတာလဲ။ တိုင်းပြည်မှာ ပြသနာကြီးတွေမရှိရင် စစ်အာဏာရှင်လည်း သက်ဆိုးမရှည်နိုင်တာမို့ စစ်အာဏာရှင်စနစ်အစဉ်တည်မြဲဖို့က မရှိတဲ့ပြသနာတွေကို ရှိအောင်လုပ်၊ သေးတဲ့ပြသနာကို ကြီးအောင်လုပ်၊ ရှင်းတဲ့ပြသနာကို ရှုပ်အောင်လုပ်နဲ့ တစ်ခုပြီးတစ်ခု စစ်ဗိုလ်ချုပ်တွေက ဓါတ်ပြားဟောင်းကြီးကို အပ်ကြောင်းထပ်အောင် ဖွင့်သလို လုပ်ပြနေလည်း ကြံဖန်မျက်စေ့လည်ရလောက်အောင် ဒုန်းဝေးနေသူများလည်း ရှိသေးသကိုး။


အင်အယ်လ်ဒီကို လူနှစ်ယောက်တစ်ပိုင်းနဲ့ ဖွဲ့ထားတဲ့ပါတီ၊ ငွေနဲ့မျှားထားတဲ့ပါတီ၊ အာဏာနဲ့ ခြိမ်းချောက်ဖွဲ့စည်းထားတဲ့ပါတီ၊ ဆိတ်ဝှေးစေ့ပါတီ၊ အချောင်သမား အခွင့်အရေးသမားတွေရဲ့ပါတီ၊ လေလည်ပြရင် အမြီးနန့်တတ်တဲ့ပါတီလို့ ထင်သူများရှိပါသလား။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အင်အယ်လ်ဒီဟာ ပြည်သူလူထုနဲ့ ကင်းကွာနေပြီး ချိနဲ့နေပြီလို့ ကိုဇာနည်ဆိုခဲ့ပါတယ်။ အခု ဖေဖေါ်ဝါရီ၂၆၊ ၂၀၀၉ဧရာဝတီမှာ ဒီအတိုင်းဘဲဆက်ရေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လူထုနဲ့ကင်းကွာနေတဲ့ပါတီတစ်ရပ်ဟာ အခုတိုင်အောင် စစ်အာဏာရှင်တွေက ဘာ့ကြောင့် အကြောက်ဆုံး ဖြစ်နေရသေးတာလဲဆိုတာကို ဖြေနိုင်ပါသလား။ လူထုမထောက်ခံတော့တဲ့ လက်တွေ့နဲ့ကင်းကွာနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့မလွှတ်ပေးရဲတာလဲဆိုတာကိုရော ဖြေကြည့်ချင်ပါသလား။


နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီးယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။


အောင်တင်

ဖေဖေါ်ဝါရီလ ၂၈၊ ၂၀၀၉