Monday, December 19, 2011

အရှေ့ကိုသာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းလိုက်ပါ …..





ယခုတလော နိုင်ငံရေးအကျဉ်းသား သို့မဟုတ် … အာဏာပိုင်တို့ အနည်းငယ်လက်ခံ ပြောင်းလဲခေါ်ဝေါ်လာသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အရေအတွက်နှင့် ပတ်သက်၍ စာရင်းပြုစုထားသူများကြား မတူညီ ကွဲပြားမှု အမျိုးမျိုး ရှိနေကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ အာဏာပိုင်များသည် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူများကို ဖမ်းဆီးထောင်ချရာ၌ ရှေးယခင်ကတည်းက အရေးယူခဲ့သည့် နိုင်ငံရေးနှင့် သက်ဆိုင်သည့်၊ ဆက်နွယ်သည့် ဥပဒေပုဒ်မများသာမက … အခြား အခြားသော ဥပဒေပုဒ်မမျိုးစုံ … ဥပမာ … ရာဇဝတ်မှုဆိုင်ရာ ဥပဒေများနှင့်လည်း အရေးယူ ထောင်ချသည်။ ၎င်းတို့ အမျိုးမျိုး လုပ်ကြံ စွပ်စွဲချင်သလို စွပ်စွဲ၊ အရေးယူချင်သည့် ဥပဒေ ပုဒ်မ မျိုးစုံနှင့်စွဲဆို အရေးယူ၊ ၎င်းတို့ချမှတ်ချင်သည့် ထောင်ဒဏ်များဖြင့် အပြစ်ပေး အရေးယူနေခြင်းကြောင့်ဖြစ်သည်။


ယခင်ကတည်းက အရေးယူနေကျ ပုဒ်မများဖြစ်သော …. နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်ဝပ်ပိပြားမှုနှင့် သက်ဆိုင်သည်ဆိုသော … အရေးပေါ်အက်ဥပဒေများ၊ မတရားအသင်း အက်ဥပဒေ၊ နိုင်ငံတော် ပုန်ကန်မှု စသည့် ဥပဒေပုဒ်မများအပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု(လူဝင်မှု ကြီးကြပ်ရေးနှင့် သက်ဆိုင်သော ဥပဒေပုဒ်မ) တရားမဝင် ပုံနှိပ် ထုတ်ဝေမှု … နောက်ပိုင်း အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ ဗွီဒီယို အက်ဥပဒေ ……… စသဖြင့် ဥပဒေ ပုဒ်မမျိုးစုံနေအောင် စွဲဆိုကာ ထောင်ချသည်။ အချို့မှာ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေခြင်းကြောင့် …. ထောင်ထဲထည့်ထားချင်သော ရည်ရွယ်ချက်ဖြင့် အမှုဆင် ဖမ်းဆီး၍ ဥပဒေ ပုဒ်မ မျိုးစုံ ပေါက်ကရ လျှောက်တပ်ကာ မတရားစွပ်စွဲ အရေးယူခဲ့သည် … ဥပမာ … ပိုင်နက်ကျူးလွန်မှု၊ လိမ်လည်မှု၊ လောင်းကစားမှု၊ ဝတ္တရားနှောက်ယှက်မှု ……. စသဖြင့် ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆို အရေးယူသည်။ ထောင်ထဲတွင် ထည့်ထားချင်သလောက် ထောင်ဒဏ် အမိန့်ချသည် … အကယ်၍ … နိုင်ငံရေးနှင့် ပါတ်သက်ပြီး ဆက်လက် မလုပ်ဆောင်တော့ပါဟု ဝန်ခံဂတိရေးထိုးလျှင် ပြေလည်သွားသည်။


မြန်မာနိုင်ငံတွင် အာဏာချုပ်ကိုင်ထားသူများသည် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း …. တည်ဆဲ ဥပဒေပုဒ်မ ရာဇဝတ်မှုများကို ကျူးလွန်ဖေါက်ဖျက်ထားသူများသာ ရှိသည်ဟု ကြိမ်ဖန်များစွာ အစဉ်တစိုက် ထပ်တလဲလဲ ပြောနေကြ ဖြစ်သည်။ နိုင်ငံရေး အမြင် အယူအဆ မတူကွဲပြားခြင်းကြောင့် ဖမ်းဆီးခြင်း မဟုတ်ကြောင်း အမြဲငြင်းဆိုခဲ့သည်။ ထိုသို့ ငြင်းဆိုမှုများမှာ ပကတိ အရှိတရားနှင့် ဖြစ်ရပ်အမှန်ကို လက်ခံလိုခြင်း မရှိကြောင်း ပြသခြင်းဖြစ်သည်။ အကျဉ်းထောင် အသီးသီးတွင် တည်ဆဲဥပဒေများကို ချိုးဖေါက်သူများသာရှိသည်ဟု ပြောဆိုသော်ငြားလည်း …. လက်တွေ့တွင် အကျဉ်းထောင်ထဲ၌ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထောင်ချထားသူများကို သီးသန့် (သီးခြား) အကျဉ်းသားများဟု သတ်မှတ်ကာ အခြားအကျဉ်းသားများနှင့် မတူဘဲ ခွဲခြားခဲ့သည်။ အခြားအကျဉ်းသားများနည်းတူ အခွင့်အရေးမပေး ပိုမို ဖိနှိပ် ညှင်းပမ်းမှုများလည်း အညှိးတကြီးဖြင့် လုပ်ဆောင်ကြသည်။ ဖမ်းဆီး ထောင်ချ၍ အကျဉ်းထောင်ထဲတွင် ရောက်ရှိနေပြီး ဖြစ်သည့်တိုင် ထောက်လှမ်းရေးများကိုယ်တိုင် အကျဉ်းထောင်ထဲ၌ ဝင်ရောက်ကာ အချိန်ပြည့် အမြဲမပြတ် စောင့်ကြည့် အာရုံစိုက် သတိထားကြသည် ….. အဘယ်ကြောင့်နည်း။


လွတ်ငြိမ်းလျော့ပေါ့စွာဖြင့် ပြန်လွှတ်ပေးလိုက်သော အကျဉ်းသားများထဲတွင် နိုင်ငံရေး လှုပ်ရှားသူများ …. အင်မတန် နည်းပါးလှသော အရေအတွက် … အနည်းအကျဉ်းသာ ပါဝင်နေခြင်းမှာ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေသူများကို အာဏာပိုင်များက …. နိုင်ငံရေး ယုံကြည်ချက် … အယူအဆ အမြင် ကွဲလွဲသူဟုပင် လက်မခံဘဲ ၎င်းတို့၏ အကျိုးစီးပွါး အာဏာကို ထိခိုက်ရန်ရှာမည့် ရန်သူဟု ထင်မှတ်ယူဆနေခြင်းဖြစ်သည်။ နိုင်ငံကို အမှန်တကယ် ပြုပြင်ပြောင်းလဲ တိုးတက်လိုသည်ဟု ပြောနေခြင်းကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ နိုင်ငံရေး လှုပ်ရှားသူများသည် ရာဇဝတ်မှုများကို ကျူးလွန်သော သူများထက် ပိုပြီးကြောက်စရာကောင်းသည်ဟု ယူဆထားသည်။ မတူတာတွေ ခဏဘေးဖယ်ထား တူတာကို လက်တွဲပြီး အရင်စလုပ်တာပေါ့လို့ ပြောခဲ့သလို … အကျဉ်းထောင်ထဲရှိ နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်သူများကိုပါ နိုင်ငံအကျိုးဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့်ပြုရန်လိုသည်။ နိုင်ငံတော် … နိုင်ငံတော် ခေါင်းဆောင်ကြီးများဟု စကားလုံး လှလှသုံးကာ ၎င်းတို့ ကိုယ်ကျိုးစီးပွါး အခွင့်အရေးကို အကာအကွယ်ယူကြသည် … ဝေဖန် ထောက်ပြ ဆန့်ကျင်လာလျှင် နိုင်ငံတော်ကို ဆန့်ကျင်သူ …. နိုင်ငံတော် ခေါင်းဆောင်ကြီးများကို အကြည်ညိုပျက်စေသူဟု … ရန်သူဟု ယူဆသည်။ သူတို့လောက် တိုင်းပြည်ကို ချစ်တဲ့သူ မရှိဟု ယူဆထားပုံရသည်။ တိုင်းပြည်က …. သူတို့တတွေ ချစ်လောက်အောင် သူတို့အပေါ်အကျိုးပြုနေ၍လည်း ဖြစ်ပေမည်။

မည်သို့ပင်ဆိုစေ …. နိုင်ငံတော် ခေါင်းဆောင်ကြီးများဟု ဆိုသူတို့အနေနှင့် လွတ်ငြိမ်းလျော့ပေါ့လို့ပဲဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပဲပေးပေး …. ကိုယ်ကျင့်တရား ကောင်းမွန်သူများကို ဦးစားပေး ပြန်လွှတ်ပေးမည်ဟု ဆိုခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူများသည် … ခိုးဆိုးလုယက် အကျင့်စာရိတ္တ ပျက်ရွင်းနေသူများထက် ကိုယ်ကျင့်တရား ကောင်းမွန်သည်မှာ အမှန်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် အဘယ်ကြောင့် တွန့်တို တွန့်ဆုတ်နေပါသနည်း ….. ချိန်ခါမရွေး စိတ်မထင်လျှင် မထင်သလို ပြန်လည်ဖမ်းဆီး ထောင်ချမှုကို အစဉ်တစိုက် ပြုလုပ်ခဲ့သော … ပြုလုပ်နေကြဖြစ်သော ခေါင်းဆောင်ကြီးများ အနေနှင့် လွှတ်ပေးပြီး နောက်တကြိမ် ထပ်မဖမ်းတော့ဟု အဓိဌာန်ပြုထားသည်တော့ မဟုတ်တန်ရာ … အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသည်ဟု အများက ယုံကြည်လောက်အောင် လုပ်ဆောင်ပြဖို့လိုသည်မှာ ကြာပြီဖြစ်သည်။ အချိန်မဆွဲသင့်သော …. ချက်ခြင်းလက်ငင်း လုပ်ယူရနိုင်သော အရာများကို နေ့ညရွှေ့ ဈေးကိုင် ဈေးဆစ်နေခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေ၍ … ပြည်သူလူထုက ယုံကြည်လေးစားသော … ဂုဏ်သိက္ခာရှိသော အစိုးရတရပ်ဖြင့် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းလှချင်လိုလျှင် … လုပ်ဆောင်သည့်အရာများကို အမြန်ဆုံးလုပ်ဆောင် အကောင်အထည်ဖေါ်ပြီး …… ဒီမိုကရေစီ နိုင်ငံသစ်သို့ မဝံ့မရဲ လှမ်းနေသော ခြေလှမ်းများကို …. ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည် နောက်ပြန်မလှည့်ဘဲ အရှေ့ကို ဆက်လက်လျှောက်လှမ်းကြပါလို့ … တိုက်တွန်းလိုက်ရပေသည်။



Thursday, December 15, 2011

Daw Aung San Suu Kyi interview to Virginia Tech Students