Sunday, December 19, 2010

ဒလမြို့ နယ် အဖွဲ့ချူပ် အမျိုးသမီးအဖွဲ့ဝင် မစန်းစန်းမြင့်




-->
(လွတ်လပ်သောအာရှအသံ (RFA) ၏ တနင်္လာနေ့မနက်ပိုင်း အစီအစဉ်တွင် ထုတ်လွှင့်ပေးနေသော စာရေးဆရာမ နှင်းပန်းအိမ်ရဲ့ အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် ကဏ္ဍ မှ ပြန်လည်ဖေါ်ပြပါသည်။)

(ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အမျိုးသမီးအဖွဲ့ဝင် မစန်းစန်းမြင့်)
နိုင်ငံရေးသမား၏ ဘဝလမ်းဆုံးသည် ဝန်ကြီးဖြစ်ရေး သမ္မတဖြစ်ရေး မဟုတ်ပါ။ မိမိတို့ မလိုလားသော စနစ်ကြီးတခုကို လိုလားသောစနစ်သို့ ခရီးဆုံးတိုင်အောင် ပြောင်းသောလုပ်ငန်းသာ ဖြစ်သည်လို့ သခင်ဝတင်က ပြောခဲ့ပါတယ်။ ကျမတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကို ပါဝင်ဖြတ်သန်းခဲ့သူတွေရဲ့ ပြောစကားတွေက ယနေ့ မျက်မှောက်ကာလကို မီးမောင်းထိုးပြနေပါတယ်။
ကျမတို့အားလုံး စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့ ကြိုးစားနေကြတာပါ။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖရဲ့ စစ်အာဏာရှင် ခေတ်အဆက်ဆက်ကို အရေးတော်ပုံ အရေးအခင်းပေါင်းများစွာနဲ့ ပြည်သူလူထုက ဘဝ အသက်တွေနဲ့ ရင်းပြီး တော်လှန်ခဲ့ကြတယ်။ စစ်အာဏာရှင်ရဲ့ လူနာမည်တွေသာ ပြောင်းခဲ့တယ် စနစ်ကတော့ မပြောင်းသေးပါဘူး။ ကျမတို့ ပြည်သူလူထုက အသားပုံနဲ့တိုးရပြီး စစ်အာဏာရှင်က လက်နက်နဲ့ တင်းခံကာ ရက်စက်စွာ ချေမှုန်းခဲ့ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးအတွက် အရေးအခင်းတိုင်း တိုက်ပွဲတိုင်းမှာ အသက်စွန့်သွားသူတွေ ကျဆုံးရကျိုး စွန့်လွှတ်အနစ်နာ ခံရကျိုးနပ်အောင် ကျန်သူတွေ ညီညွတ်ဖို့တော့ လိုပါတယ်။ ဒီလို စနစ်ပြောင်း တော်လှန်ရေးထဲမှာ မထင်မရှားနဲ့ ကိုယ်ကျိုးစွန့် ပါဝင်ခဲ့တဲ့သူတွေကိုလည်း ကျမတို့ မမေ့ပါဘူး။ အိမ်ထောင်ရှင် မိန်းမသားဘဝနဲ့ စားမှု နေမှုကို လင်ယောက်ျားနဲ့ အတူတွဲပြီး တာဝန်ယူ ဖြေရှင်းရင်း ဒီမိုကရေစီဆိုတဲ့ လမ်းသစ်ကြီးကို မြန်မာနိုင်ငံအတွက် လမ်းဖေါက်တဲ့ အထဲမှာ လမ်းခင်းကျောက်ခဲလို ပါဝင်ခဲ့တဲ့ အညတရ သူရဲကောင်းများကို အခါခါ ဦးညွတ်မိပါတယ်။

ဒီလို အညတရ သူရဲကောင်းတဦးဖြစ်တဲ့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အမျိုးသမီး မစန်းစန်းမြင့် အကြောင်း ကျမပြောပါရစေ။ မစန်းစန်းမြင့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ နားထောင်ပြီး ရိုးရိုးသာမာန်ပြည်သူကနေ အဖွဲ့ချူပ်ပါတီထဲ ဝင်လာခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲက သူ့ကို ပါတီဝင်တယောက် ဖြစ်စေခဲ့တဲ့မိန့်ခွန်းကတော့ ….. ကျမတို့က ပြည်သူလူထုကို အားကိုးတယ် .. ပြည်သူလူထုကလည်း ကိုယ့်ကိုကိုယ် အားကိုးကြပါ …. ကိုယ့်ကိုကိုယ် အထင်မသေးကြပါနဲ့ … လူထုရဲ့ အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ် … လူထုရဲ့ အင်အားဆိုတာကို မလေးစားဘဲ မနေနိုင်ပါဘူး … ကျမတို့ကလည်း လေးစားတယ် နောင်လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ် … ပြည်သူလူထုကိုလည်း လေးစားတဲ့ အစိုးရမျိုး ကျမတို့ ဖြစ်စေချင်ပါတယ် … ဒါမှ တိုင်းပြည်မှာလည်း အကျိုးဖြစ်စေမယ် ပြည်သူလူထုကလည်း စိတ်ချမ်းသာလာမယ် …… တဲ့ ။

မစန်းစန်းမြင့်က ဗိုလ်ချူပ်ဈေးရှေ့ ပလက်ဖေါင်းမှာ ဈေးရောင်းပြီး ပလက်ဖေါင်းဈေးသည်အဖြစ် ဘဝရပ်တည်ရသူပါ။ သီရိမင်္ဂလာဈေးက ရာသီပေါ်အသီးအနှံတွေကို ယူပြီးရောင်းပါတယ်။ ဗိုလ်ချူပ်ဈေးလာ ဈေးဝယ်သူတွေရဲ့ ချမ်းသာမှုနဲ့ ပလက်ဖေါင်းဈေးသည်အဖြစ် ဘဝရပ်တည်ရသူတွေရဲ့ ဆင်းရဲကြပ်တည်းမှု ဘဝမတည်ငြိမ်မှုကို ယှဉ်ပြနိုင်တဲ့ နေရာကတော့ ဗိုလ်ချူပ်ဈေးပါပဲ။ ပလက်ဖေါင်းဈေးသည် မစန်းစန်းမြင့်တို့ ဘဝက ကျီးလန့်စာစားနဲ့ နေရတဲ့ဘဝပါ .. ဈေးကောက်ဆိုတဲ့ အခွန်အခပေးနေရတဲ့ကြားက စည်ပင်ရဲဖမ်းရင် ဈေးဗန်းအသိမ်းခံရပြီး အရင်းပြုတ်ရတဲ့အထိပါ။ ဖမ်းဆီးတဲ့သူတွေက တာဝန်ဆိုတဲ့ လက်ပတ်ကြီး လက်မောင်းပတ် ယူနီဖေါင်းဝတ်ပြီး ဈေးသည်တွေကို လိုအပ်တာထက်ပိုတဲ့ ရက်စက်တဲ့ အပြုအမူတွေနဲ့ ဖမ်းဆီးတတ်ပါတယ်။ ဒဏ်ငွေရိုက်သလို ဈေးဗန်းထဲက ပစ္စည်းပါသိမ်းပါတယ် …. ဒီပစ္စည်းတွေကို တာဝန်ရှိသူတွေက ဝေယူကြပါတယ် .. ဈေးကောက် ကောက်တော့လည်း သူတို့ .. ဖမ်းတော့လည်း သူတို့ .. လူသုံးကုန်ပစ္စည်း ဈေးဗန်းခင်းပြီးတာနဲ့ တာဝန်ရှိသူတွေက ဈေးဗန်းထဲကနေ သူတို့ ကြိုက်တာကိုလဲ အနိုင်ကျင့် ယူသွားတတ်ပါသေးတယ်။ ဒါကို ခွန်းတုန့်ပြန်ပြီး မပြောရဲကြပါဘူး .. ဈေးဗန်းတည်မြဲမှ ဘဝရပ်တည်နိုင်မယ် မဟုတ်လား .. ဒါကြောင့် ချောင်းထဲမှာနေတဲ့ငါးဟာ မိကျောင်းနဲ့တဲ့အောင်နေမှ ဖြစ်မယ်ဆိုတာကို ဘဝက သင်ကြားပေးလိုက်ပါတယ်။

ပလက်ဖေါင်းဈေးသည်တွေကို စည်ပင်ရဲဖမ်းတဲ့မြင်ကွင်း ကျမဈေးဝယ်ရင်း မကြာခဏ ကြုံဖူးပါတယ် .. မြင်ရတိုင်းလည်း ထိထိခိုက်ခိုက် ခံစားခဲ့ရပါတယ်။ ဈေးဗန်းတဗန်းဖြစ်ဖို့ ဈေးသည်တွေက ငွေကို အတိုးနဲု့ယူပြီး တည်ဆောက်ထားရတာပါ .. ဈေးဗန်းလေးနဲ့ မိသားစုအသက် တည်မြဲအောင် လုပ်ရပါတယ် .. ကိုယ်တိုင်ခံစားရတဲ့ မစန်းစန်းမြင့်တို့ ဈေးသည်တွေက ပိုပြီးထိခိုက်ကြရပါတယ် .. ဒါသူတို့ ဘဝပါ။ ဒီခံစားချက်တွေက မစန်းစန်းမြင့် ယုံကြည်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ် .. ဒီလို မတရားမှု လုပ်ရပ်တွေကို အဖွဲ့ချူပ်ရုံးကိုလာပြီး ရင်ဖွင့်ပြောဆိုတတ်ပါတယ် .. နေ့စဉ်ထိတွေ့နေရတဲ့ လူထုရဲ့ ပြဿနာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သိအောင် မစန်းစန်းမြင့် ပြောဆိုနိုင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်က မစန်းစန်းမြင့် ပြောဆိုတာတွေကို ဂရုတစိုက် နားထောင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် စကားတွေနဲ့ အားပေးတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးသားကျယ်ပြန့်လို့လည်း မစန်းစန်းမြင့်တို့လို ပြည်သူလူထုတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံနေရတာပါ။

၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက် မနက် ကိုးနာရီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဒုဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့်၊ ဒေါက်တာမျိုးအောင်နဲ့ အဖွဲ့ချူပ်လူငယ်တွေ ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်ကတဆင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ကော့မှူး အစရှိတဲ့မြို့နယ်တွေကို စည်းရုံးရေးဆင်းဖို့ ရန်ကုန်နန်းသီတာဆိပ်ကမ်းကနေ ထွက်ခဲ့ကြပါတယ်။ အဖွဲ့ချူပ်လူငယ်တွေ စီးလာတဲ့ကားနဲ့ လူငယ်တွေ ဒလဖက်ကမ်းရောက်နေချိန်မှာ ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ကားအဖြူလေးနဲ့ ကားမောင်းသူကိုညွန့်ရွှေတို့ကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းမှာ အာဏာပိုင်တွေက တားဆီးထားလိုက်ပါတယ်။ ဒီအချိန်မှာ ကားကိုထားခဲ့ပြီး ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကူးတို့ဇက်ပေါ် တခြားခရီးသည်များနဲ့ အတူတက်သွားပါတော့တယ်။ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းမှာ ကားအဖြူလေးနဲ့ ကားမောင်းသူ ကိုညွန့်ရွှေပဲ ကျန်ခဲ့ပါတော့တယ်။

ဒလဖက်ကမ်းကို ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရောက်တော့ ကြိုရောက်နေတဲ့ အဖွဲ့ချူပ်ကားနှစ်စီးနဲ့ ကွမ်းခြုံကုန်းမြို့နယ်ကို ခရီးထွက်ခဲ့ကြပါတယ်။ ဒလမြို့ မြို့ပြင် ၃မိုင်အကွာ ကျန်စစ်သားရပ်ကွက်နားမှာ ကားတွေပိတ်ဆို့ပြီး ရဲမှူးဦးမျိုးလွင်က ဆက်လက်သွားခွင့် မပြုနိုင်ကြောင်းနဲ့ ရန်ကုန်ကို ပြန်လှည့်ရန်ပြောဆိုခဲ့ပါတယ်။ ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်က … နောက်ကြောင်းတော့ ပြန်မလှည့်နိုင်ဘူး … ရှေ့ခရီးပဲ ဆက်သွားမယ် ဆိုတော့ .. အာဏာပိုင်က မော်တော်ကားနှစ်စီးကို လမ်းမကြီးဘေး လယ်ကွင်းထဲကို ပို့ဆောင်ခဲ့ပါတယ် .. ဒလမြို့နယ် လယ်ကွင်းထဲမှာ ၉ရက်ကြာနေခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဒုဥက္ကဌ ဘဘ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နဲ့ သခင်စိုးမြင့်၊ ဒေါက်တာမျိုးအောင်၊ အဖွဲ့ချူပ်လူငယ်တွေနဲ့ စည်းရုံးရေးခရီးစဉ်ကို မှတ်သားစရာဖြစ်အောင် သမိုင်းရေးခဲ့သူကတော့ မစန်းစန်းမြင့်ပဲ ဖြစ်ပါတယ်။





ကျမတို့ မြန်မာလူမျိုးများရဲ့ အားသာချက်တခုကတော့ လုပ်မိရင် မကြောက်မရွံ့ ရဲရဲလုပ်ရဲသူတွေဖြစ်ပါတယ်။ ဘဝကို အရှုံးမပေးဘဲ လောကဓံကို ရင်ဆိုင်နိုင်ကြပါတယ် .. ကျောင်းစာသင်ခန်းထဲနေရမဲ့ လူငယ်တွေရဲ့ ပခုံးပေါ် ခေတ်ဝန်ထမ်းဖို့ ဖြစ်လာတော့လည်း ထမ်းနိုင်ကြပါတယ် .. ပုခက်လွှဲ သားချော့တေးဆိုရမဲ့ မိခင်တွေပုခုံးပေါ် ခေါင်းပေါ် ခေတ်ဝန်ထမ်းဖို့ ဖြစ်လာတော့လည်း ရွက်ပိုးနိုင်ကြပါတယ် … တရားဓမ္မလုပ်နေရမဲ့ အသက်ကြီးရင့်သူတွေ ပုခုံးပေါ် ခေတ်ဝန်ထမ်းဖို့ ဖြစ်လာတော့လည်း ထမ်းနိုင်ခဲ့ကြပါတယ်.. အရှုံးမပေးကြပါဘူး ဘဝကို အသစ်ပြန်စနိုင်တဲ့ ခိုင်မာတဲ့ နှလုံးသားတွေ ရှိကြပါတယ် .. ဆင်းရဲဒုက္ခကို ရင်ဆိုင်နေရသည့်တိုင် လူ့ဘဝပျော်ရွှင်မှုကို ရနေတဲ့လူတယောက်လို မစန်းစန်းမြင့်က အခက်အခဲတွေ့တိုင်း ပြုံးနေတတ်ပါတယ်။ အဲဒီ အခက်အခဲကို ထိုးဖေါက်ရင်ဆိုင်နိုင်တဲ့သတ္တိ မစန်းစန်းမြင့်မှာ ရှိပါတယ် .. ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချူပ်လူငယ်တွေ မစန်းစန်းမြင့်နေထိုင်ရာ ဒလမြို့နယ်ထဲမှာ တားဆီးခံထားရပါတယ်။ လယ်ကွင်းထဲမှာ နေပူမိုးရွာ ဒီအတိုင်းပဲ နေ နေရပါတယ် .. စားစရာ ထမင်းဟင်းမရှိ သောက်စရာရေမရှိ အနီးအနား ဖြတ်သန်းလို့မရ ဖြစ်နေတဲ့အခြေအနေက မစန်းစန်းမြင့် ရင်ကိုပူလောင်စေပါတယ်။




လေးရက်မြောက်နေ့မှာ မစန်းစန်းမြင့် အိမ်ကနေ ထမင်းချိုင့်ထဲ ထမင်းထည့်ပြီး ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ရှိတဲ့ လယ်ကွင်းဖက်ကို ထွက်ခဲ့ပါတယ် .. မစန်းစန်းမြင့်ကို ဘဝကခံစားစေပြီး .. ခံစားရခြင်းက သိမြင်စေခဲ့ပါတယ် .. သိမြင်စေချင်းက လမ်းစကို ရှာတွေ့စေခဲ့ပါတယ် .. တားဆီးပိတ်ပင်ထားတဲ့ အာဏာပိုင်တွေက မစန်းစန်းမြင့်ကို ဘယ်သွားမလို့လဲလို့ ဟိန်းဟောက် ချိန်းခြောက်ခဲ့ပါတယ်။ ဒီတော့ မစန်းစန်းမြင့်က .. ကျမက ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အမျိုးသမီးပါ .. ကျမတို့ခေါင်းဆောင်တွေနဲ့ ပါတီဝင်လူငယ်တွေကို ထမင်းကျွေးချင်လို့ လာခဲ့တာပါ .. ကျမကို ပေးခွင့်ပြုပါ .. ကျမတို့ခေါင်းဆောင်တွေ လယ်ကွင်းထဲမှာ ထမင်းမစားရတာ လေးရက်ရှိပြီ .. ကျမစိုးရိမ်လို့ပါ .. ဒုက္ခကို အောက်ခံလို့ရတယ် .. ဗိုက်ဆာတာကို အောက်ခံလို့ မရဘူးလို့ ပြောလိုက်ပါတယ် .. အာဏာပိုင်က စကားပြောတဲ့စက်တွေနဲ့ အထက်ကို သတင်းပို့ကြပါတယ် .. အထက်အမိန့်နဲ့ မစန်းစန်းမြင့် ထမင်းချိုင့်ကို လက်ခံပြီး မနက်ဖြန်ကစပြီး အစားအစာ လာပို့လို့ရပြီလို့ ပြောလိုက်ပါတယ် .. အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် စည်းရုံးရေးခရီးစဉ်ရဲ့ ဒလခရီးစဉ်မှာ ဘဘဦးတင်ဦး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင်တွေ ပထမဆုံးစားရတဲ့ ထမင်းကတော့ .. မစန်းစန်းမြင့်ရဲ့ ထမင်းပါပဲ ။

နောင်မှာ ကျမတို့ကို ခရီးစဉ်မှာပါတဲ့ လူငယ်တွေ ပြန်ပြောပြတာကတော့ .. မစန်းစန်းမြင့်ပို့တဲ့ ထမင်းကို ဒေါ်အောင်ဆန်းစုကြည်က လက်နဲ့ ဆုတ်ပြီး အညီအမျှ ဝေပါတယ် .. တယောက်ကို ထမင်းတဆုတ်ဆီ ဝေပုံကျ ရပါတယ်။ လူငယ်တွေက .. ကျနော်တို့က လူငယ်တွေ ဘဘနဲ့ အန်တီ ပဲစားပါဆိုပေမဲ့ .. ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပါဘူး .. ဒီစကားကြောင့် မစန်းစန်းမြင့် နဲ့အတူ ကျမတို့အားလုံး ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပိုပြီးလေးစားခဲ့ရပါတယ်။ မစန်းစန်းမြင့်ကတော့ သူ့ဆန်ကြမ်း ထမင်းလေးကို စားရတဲ့သူတွေကို ပြန်ပြီး အားနာနေပြန်ပါတယ် … အဲဒီရက်ထဲမှာ စီမံချက်ဆိုပြီး ပလက်ဖေါင်းဈေးသည်တွေကို အဖမ်းအဆီးများနေလို့ပါအေ … နို့မို့ဆို ဆန်ကောင်းကောင်းလေးချက်ပြီး ဟင်းတွေအများကြီး ထည့်သွားနိုင်ပါတယ်လို့ .. ပြောရှာပါတယ် ။

ပါတီစည်းရုံးရေး ခရီးစဉ်တွေမှာ အသက်အန္တရာယ်ထိပါးတဲ့အထိ အနှောက်အယှက် ခံခဲ့ရတဲ့ ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်က အသက်ရှင်အောင် ရုန်းကန်ခဲ့ပြီး ပြည်သူလူထုအတွက် အသက်ရှင်နေပါတယ်။ နေအိမ်အကျယ်ချူပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲကို ဘာသာခြား ဆိုပေမဲ့ .. မစန်းစန်းမြင့် ရွှေတိဂုံစေတီပေါ် မပျက်တက်ပြီး အင်အားဖြည့်ခဲ့ပါတယ် .. ဒလမြို့နယ်ကနေ ရန်ကုန်တဖက်ကမ်းကူး .. ဈေးရောင်း .. ရွှေဂုံတိုင် အဖွဲ့ချူပ်ရုံးကိုလာ ည ဒလကိုပြန်ကူးနဲ့ မနားရပါဘူး .. မစန်းစန်းမြင့် ခင်ပွန်းကလည်း ကျေကျေနပ်နပ် ခွင့်ပြုပါတယ်။ ဇနီး ခင်ပွန်း နှစ်ယောက် ကာယနဲ့ အလုပ်လုပ်ရင်း သမီးတွေကိုလဲ တက္ကသိုလ်ကျောင်း ထားနိုင်အောင် ကြိုးစားရပါတယ် .. အင်္ဂါနေ့ ဝတ်ပြုဆုတောင်းပွဲကိုလည်း မပျက်မကွက် လာနိုင်အောင် ကြိုးစားရပါတယ် … နေလောင်နေတဲ့ မစန်းစန်းမြင့် မျက်နှာ ညိုညိုက ယုံကြည်ချက်အပြည့်နဲ့ တက်ကြွရွှင်လန်းနေတတ်ပါတယ် .. မီးခဲ ပြာဖုံးသတ္တိမျိုးလည်း မစန်းစန်းမြင့်မှာ ရှိတယ်ဆိုတာကို ဒလခရီးစဉ်မှာ ကတည်းက ကျမတို့ တွေ့မြင်ခဲ့ရပါတယ် ..။
နောက်တကြိမ်ကတော့ အကြိမ်တရာကျော် အင်္ဂါနေ့ဝတ်ပြုဆုတောင်းပွဲမှာပါ .. စက်တင်ဘာ သံဃအရေးအခင်း မတိုင်ခင်ကတည်းက အာဏာပိုင်က သာသနနယ်မြေ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်မှာ အပေါင်မြို့နယ် နတ်ကြီးတောင်လမ်းခွဲ သစ္စာတောင်ဆရာတော်ကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ် .. သစ္စာတောင်ဆရာတော်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဝတ်ပြုဆုတောင်းပွဲကို အပေါင်မြို့နယ်ကနေ လာခဲ့ပါတယ် .. အင်္ဂါထောင့်မှာ သက်သတ်လွတ် ဆွမ်းကပ်ပြီး ဝတ်ပြုဆုတောင်းတဲ့အခါ .. ဆရာတော်ကို ထောက်လှမ်းရေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလူတွေ ဝိုင်းပြီးရိုက်ပါတော့တယ် .. သက်သတ်လွတ် သစ်သီးဆွမ်းပွဲတွေကိုပါ ဖျက်ဆီးပစ်ပါတယ် .. ဆရာတော်ကို ရိုက်တဲ့တုတ်တွေကို ဝိုင်းဝန်းပြီး ကျောနဲ့ ခေါင်းနဲ့ ကိုယ်စားခံပေးသူကတော့ မစန်းစန်းမြင့်နဲ့ အင်္ဂါဝတ်ပြုဆုတောင်းသူတွေပါ .. ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ ထောက်လှမ်းရေးကို ရဲရဲဝံ့ဝံ့ ဦးဆောင်ပြီး မတရားမှုတွေကို ထုတ်ဖေါ်ပြောဆိုသူက မစန်းစန်းမြင့်ပါပဲ … ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ရင် ပြည်သူလူထုကိုရော ရဟန်းသံဃာတော်ကိုပါ စစ်အာဏာရှင်က ရန်သူလိုသဘောထားတယ်ဆိုတာ ဒီအဖြစ်အပျက်တွေက သက်သေပြခဲ့ပါပြီ … ဘုရားရင်ပြင်တော်ပေါ်မှာ ဆရာတော်ကို ရိုက်နှက် သက်သတ်လွတ်ဆွမ်းပွဲကို ကန်ကျောက်ဖျက်ဆီးတာကို မြင်တော့ ဘုရားဖူးလာ ပြည်သူတွေက … မတရားမလုပ်ကြပါနဲ့ .. ဒါသာသနနယ်မြေ နင်တို့ ငရဲကျလိမ့်မယ်လို့ ဝိုင်းအော်ကြပါတယ် … သစ္စာတောင်ဆရာတော်ကို ရန်ကုန်မလာရဆိုပြီး အပေါင်မြို့နယ်အထိ အာဏာပိုင်တွေ ကိုယ်တိုင်လိုက်ပို့ခဲ့ပါတယ်။



သမိုင်းမှာ မှတ်သားစရာရှိခဲ့တဲ့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အမျိုးသမီးအဖွဲ့ဝင် မစန်းစန်းမြင့် တယောက် အကျဉ်းထောင်ထဲမှာ ခေတ်ဝန်ကိုရွက်ပိုးပြီး သူ့ကိုယ်ပိုင်ဘဝကို မြန်မာပြည် ပြည်သူလူထုအတွက် ပေးဆပ်နေရပါတယ် … ဘဝကို သုညနောက်က အနှုတ်လက္ခဏာနဲ့ ရင်ဆိုင်နေရပေမဲ့ ရဲရင့်တဲ့ ခွန်အားသတ္တိရှိလို့သာ စည်းနှစ်ခုကြားမှာ မရပ်ဘဲ ဓမ္မဆိုတဲ့ စည်းဖက်မှာ မစန်းစန်းမြင့် ရပ်တည်နိုင်ခဲ့တာပါ……။

နှင်းပန်းအိမ်


Wednesday, December 8, 2010

NLD Donation (VOA)




Aung San Suu Kyi donates robes to Buddhist monks



Daw Aung San Suu Kyi's son left burma (VOA)



Daw Aung San Suu Kyi Message (Mizzima)



Saturday, December 4, 2010

သင်္ခန်းစာယူတတ်ကြပါစေ .....




မကြာသေးခင်က အင်တာနက်စာမျက်နှာတွေမှာ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တခု ထွက်လာတော့ တော်တော်များများက စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်ကြပါတယ်။ ပထမ စထွက်လာကာစ …. ဒီဗွီဒီယိုဖိုင်ကို ဖြန့်တဲ့သူက (နည်းပညာပိုင်း တစုံတရာ အခက်အခဲကြောင့်လားတော့မသိ) အသံမပါဘဲ ဖြန့်လိုက်တော့ …. ရုပ်ဘဲမြင်ရတဲ့ ရုပ်မြင်အသံမပါဖိုင်ဖြစ်နေပါတယ်.. အသံမပါဘဲနဲ့ ထွက်လာတော့ ဘာတွေပြောမှန်း မသိရတဲ့အတွက် ရုပ်တွေကိုကြည့်ရင်း အမြင်အမျိုးမျိုးနဲ့ သုံးသပ်ဝေဖန်ကြတာတွေလည်း ကြားရ ဖတ်ရပါတယ်။


နောက်ထပ်သိပ်မကြာခင်မှာဘဲ အသံပါပါတဲ့ဗွီဒီယိုရုပ်သံဖိုင် ထွက်လာခဲ့ပါတယ် … ပထမ စထွက်လာကတည်းက အမြင်အမျိုးမျိုး ဝေဖန်ကြသူတွေက ….. ဒီဗွီဒီယိုင်ဖိုင်ဟာ သူတို့ဖက်က တမင်သက်သက် အစီအစဉ်ရှိရှိ လူထုခေါင်းဆောင်အပေါ် လူထုက အာရုံစိုက်မှုရော့နည်းအောင်…. စစ်အုပ်စုအတွင်း သူတို့ကို အာခံဆန့်ကျင်သူတွေကို သတိပေးချင်သည့် သဘောဖြစ်အောင် ….. လူတွေဆီကနေ ဘာဝေဖန်မှုများ ထွက်လာသလဲဆိုတာ သိအောင်လို့ စသဖြင့် …. ဖြန့်ဝေတာလို့ သုံးသပ်သူတွေ ရှိသလို ….

သူတို့အုပ်စုအတွင်းမှ လှို့ဝှက်ချက်တွေကို အများသိအောင် ကြိုးစားဖေါ်ထုတ်တဲ့သူတွေက ဖြန့်တာ …လို့လဲ ယူဆတဲ့သူတွေ ရှိကြပါတယ် …..

ဒီဗွီဒီယိုဖိုင်ကို စစ်အရာရှိကြီးတဦးဆီက ရရှိခဲ့ပြီး… အဲဒီကိစ္စနဲ့ သူတို့အထဲမှာ ပြဿနာဖြစ်နေတယ်လို့လဲ …. သတင်းထွက်ပေါ်လာပါတယ် …. ဒါပေမဲ့ ဘယ်ဟာကအမှန်ဆိုတာ ဖြစ်ရပ်မှန်အတိအကျကို သိနိုင်ဖို့ ခက်တဲ့အတွက် အခုထိပြောဖို့ခက်နေဆဲပါ ….

ခန့်မှန်းပြောဆိုကြတဲ့သူတွေကလည်း ယခင်ကဖြစ်ဖူးခဲ့တဲ့ အခြေအနေ လုပ်ခဲ့ဖူးတဲ့သာဓက အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားသုံးသပ် ထင်မြင်ယူဆ ပြောဆိုကြခြင်းဖြစ်ပါတယ်။


ဒီဗွီဒီယိုဖိုင်ထွက်လာပြီးသည့်နောက် နောက်ဆက်တွဲအနေနှင့် ပြီးခဲ့တဲ့ လပိုင်းက ဗိုလ်ခင်ညွန့်ကို နေအိမ်အကျယ်ချူပ်ကနေ အကန့်အသတ်ဖြင့် သွားလာလှုပ်ရှားခွင့်ပြုလိုက်ပြီ … လွှတ်ပေးလိုက်ပြီလို့လဲ အတည်မပြုနိုင်သေးတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ် ….

ယခုအခါ အသံပါ ပါလာတဲ့ဗွီဒီယိုဖိုင် ထွက်လာပြီဖြစ်တဲ့အတွက် ယခင်ကထက် ပိုမိုနီးစပ်စွာ ခန့်မှန်းနိုင်ကြမှာ ဖြစ်ပါတယ် …..

ဘယ်လိုနည်းနဲ့ပဲ ဖြန့်ဖြန့် တချို့သူတွေထင်သလို သိပ်ပြီးတော့ ထူးခြားမှုတွေတော့ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။


အပြင်မှာသတင်းတွေ ထွက်ပေါ်နေသလို စစ်အုပ်စုအတွင်း သဘောထားကွဲကာ အားပြိုင်နေမှု၊ အချင်းချင်းမကျေနပ်မှု၊ ယခင်ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး လက်ကျန်အုပ်စုဟောင်းများ၊ ဗိုလ်ခင်ညွန့်အပေါ် လိုလားကြသူများဟု ယူဆသူတွေကို ….. သူတို့အပေါ် တစုံတရာ အနှောက်အယှက် ပြုလာနိုင်သည်ဟူသော ထင်မြင်ယူဆမှု၊ သံသယနှင့် နေအိမ်တွင်အကျယ်ချူပ်ထားခြင်းမှ အခြားသူတို့မျက်စိအောက်တွင် စောင့်ကြည့်နိုင်သည့် နေရာကိုပြောင်းရွှေ့လိုက်ခြင်းဖြစ်နိုင်ပါသည်။


စစ်အာဏာရှင် အဆက်ဆက်တွင် ရာထူးမှထုတ်ပယ် ဖယ်ရှားခံရသူတွေကို ပြန်လည်ပြီး နေရာပေးရိုးထုံးစံ မရှိလှပါ။ အကြံဥာဏ်ရယူလို၍ဖြစ်စေ၊ သိချင်လို့ဖြစ်စေ၊ တစုံတရာအသုံးချချင်လို့ဖြစ်စေ ခဏလောက်သာ ပြန်လည်အသုံးချတတ်ကြပါသည်။

ဗိုလ်ခင်ညွန့်၏ ပြန်လည်ပြောဆိုနေပုံကို ကြည့်ခြင်းအားဖြင့် သူ့ကိုစိတ်မချ၍ ….. သူတို့စိတ်ချသည့်နေရာတွင် ထားရန် လာခေါ်မှန်းသိနေပုံရပါသည်။

နိုင်ငံတော် (ဗိုလ်သန်းရွှေအပေါ် ဆိုလိုခြင်းဖြစ်ပါလိမ့်မည်) အပေါ် ဆန့်ကျင်တဲ့သူလဲ မဟုတ်ဘူး …….. သူဘာမှမလုပ်ကြောင်း …. ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိကြောင်း ….. ဆံပင်တောင် ကိုယ့်ဘာသာညှပ်ရကြောင်း ….. ဘုရားတရားပဲ လုပ်ကြောင်းစသဖြင့် ပြောဆိုနေပုံကိုကြည့်ခြင်းအားဖြင့် ယခုလုပ်ရပ်အပေါ် မြွေ မြွေချင်း ခြေမြင်နေသည့်ပုံ … ဒါမျိုးတွေ ငါအရင်က လုပ်ခဲ့တာပါလို့ စိတ်ထဲမှာတော့ ပြောနေမိမယ်ထင်ပါတယ်။


လုပ်ပိုင်ခွင့် အာဏာတွေရှိခဲ့စဉ်က အနေအထားနှင့် ယခုလိုအနေထား ကွာဟမှုတွေကို စစ်အုပ်စုနှင့် အပေါင်းအပါများ သံဝေဂ တရားရစရာ သင်္ခန်းစာအဖြစ် ယူသင့်ပါသည်။ လောကတွင် ဘယ်အရာမှ အမြဲတည်မြဲသည်မရှိသည်ကို ဗိုလ်ခင်ညွန့်အဖြစ်က ထပ်မံသာဓက ပြလိုက်သည်ဖြစ်သည်။ ဘယ်လောက်ပင် လုပ်ပိုင်ခွင့် အာဏာရှိပါစေ တချိန်ချိန်မှာတော့ အဲဒီလုပ်ပိုင်ခွင့် အာဏာကို လက်လွှတ်ဆုံးရှုံးသွား ရသည်ပင်ဖြစ်သည်။ သာမာန်လူတယောက်လောက်ပင် လွတ်လပ်မှုမရှိ …. စိတ်ဆင်းရဲဒုက္ခရောက် သွားကြသည်ချည်းပင်ဖြစ်သည်။


မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို စတင်အုတ်မြစ်ချကာ အစပျိုးခဲ့သူ၊ စစ်အာဏာရှင်တို့၏ ဖခင်ကြီးဟုဆိုရမည့် သွားလေသူ ဗိုလ်နေဝင်းသည်လည်း သေသည့်အချိန်တွင် လူလိုသူလို အသုဘချခွင့်တောင် မရှိရှာပေ၊ ထို့အတူ သူ၏မိသားစုသည်လည်း သူတို့၏အသိုင်းအဝိုင်းမှ ဖယ်ထုတ်သုတ်သင်ပစ်ခြင်း ခံခဲ့ရသည် ။ ထိုနည်းတူစွာ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ စသည်တို့၏ ဖြစ်ရပ်များက သင်္ခန်းစာယူစရာတွေပင် ဖြစ်သည်။


အချို့မှာ နေအိမ်အကျယ်ချူပ်၊ အချို့မှာ အကျဉ်းထောင်အတွင်း၊ အချို့မှာ စိတ်ဖိစီးမှုဒဏ်တွေနှင့် သေဆုံး၊ အချို့မှာ အပြတ်ရှင်းခြင်းခံကြရသည်။ စစ်အာဏာရှင်တို့သည် မိမိ၏ ကိုယ်ကျိုးစီးပွါးအတ္တမှလွဲ၍ မည်သည့်အရာကိုမှ ငဲ့ကြည့်တတ်ရိုး ထုံးစံမရှိပေ။ ရှေ့တွင်ဖြစ်ခဲ့သည့် အဖြစ်အပျက်တွေကို သံဝေဂတရားရပြီး သင်္ခန်းစာမယူကြသေးလျှင် နောင်တချိန်တွင် ကိုယ့်အလှည့်ကို ရောက်လာပါလိမ့်မည်။ အဲဒီအချိန်မှာတော့ အသုံးမဝင်တော့သည့် နောင်တရခြင်းမှ တပါး တခြားတော့ရှိမည်မထင်။


နိုင်ငံနှင့် ပြည်သူလူထုအပေါ် ဆိုးဝါးခါးသီးလှသည့် ဒုက္ခတွေပေးနေသည့် စစ်အာဏာရှင်စနစ်ကို တကယ့်စိတ်ရင်းစေတနာအမှန်ဖြင့် ပြုပြင်ပြောင်းလဲသင့်နေတာ ကြာမြင့်နေပါပြီ။ လက်နက်တွေကိုင်ဆောင်ပြီး အမိန့်ပေးစေခိုင်း မတရား ဖိနှိပ်အုပ်ချူပ်မှုများကို အမြန်ဆုံးရပ်ပစ်ဖို့ လိုနေပါပြီ။ ကိုယ့်အတ္တ ကိုယ်ကျိုးစီးပွါးကို ရှေ့တန်းတင်နေမှုများ ဆက်လက်ပြုလုပ်နေဦးမည် ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ၏ အနာဂါတ်အရေးသည် အဆိုးဝါးဆုံးဖက်သို့ကိုသာ ဦးတည်ရောက်ရှိသွားမည်ဖြစ်သည်။


ဘက်ပေါင်းစုံ နိမ့်ကျနေသော နိုင်ငံနှင့်တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွါးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို သွေးထွက်သံယိုမှုကင်းစွာဖြင့် ငြိမ်းချမ်းစွာ အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးက အားထားယုံကြည်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများနှင့် အမြန်ဆုံးလက်တွဲ ပူးပေါင်းအဖြေရှာ လုပ်ဆောင်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ဆက်လက်ပြီး ခေါင်းမာနေဦးမည် … မိုက်တွင်းနက်နေကျဦးမည်ဆိုလျှင် …. ထိခိုက်ဆုံးရှုံးမှုများစွာဖြင့် သွေးချောင်းစီးစေမည့် ဖြစ်ရပ်တခု မကြာခင် မလွဲမသွေ ကြုံတွေ့ ပေါ်ပေါက်လာပေလိမ့်မည်…………….။


THA



Friday, December 3, 2010

ကလေးက မေးတယ် ...ဘယ်တော့ပြန်လာမှာလဲ .... ? တဲ့


ယခုရုပ်သံမှတ်တမ်းကို အများကြည့်ရှူနိုင်ရန် ကြိုးစားပေးခဲ့သူများအား ကျေးဇူးအထူးတင်ရှိပါသည်။

Thursday, December 2, 2010

တကျော့ပြန်ဘဝလမ်း



စိတ်ဓါတ်ခွန်အားတွေ မြှင့်တင်ပေးခဲ့တဲ့ … အမေ

(ဓါတ်ပုံ- မဇ္ဈိမ)



တကျော့ပြန်ဘဝလမ်း

ရုပ်သံမှတ်တမ်းကို မဇ္ဈိမသတင်းဌာနမှ ပြန်လည်ကူးယူဖေါ်ပြထားပါသည်။



အဖွဲ့ချူပ်တွင် ကျင်းပခဲ့သော အမျိုးသားအောင်ပွဲနေ့ (မဇ္ဈိမ)


ရုပ်သံမှတ်တမ်းကို မဇ္ဈိမသတင်းဌာနမှ ပြန်လည်ကူးယူဖေါ်ပြထားပါသည်။


အဖွဲ့ချူပ်တွင် ကျင်းပခဲ့သော အမျိုးသားအောင်ပွဲနေ့ (VOA)


VOA ရုပ်မြင်သံကြားအစီအစဉ်မှ ပြန်လည်ကူးယူထားပါသည်။


Wednesday, December 1, 2010

ပြည်သူချစ်တဲ့ .... လူထုခေါင်းဆောင်




အမေ့ကိုချစ်လို့နမ်းတာ …. အမေ့ပါးမှာ … နှုတ်ခမ်းနီတောင်ပေလို့ ….



လိုအပ်တာတွေ ဝယ်ယူဖို့အတွက် လူထုခေါင်းဆောင်ဟာ သားဖြစ်သူနဲ့အတူ …. ပြီးခဲ့တဲ့ တနေ့က ဗိုလ်ချူပ်အောင်ဆန်းဈေးကို ဈေးဝယ်ဖို့ သွားရောက်ခဲ့ပါတယ် ……..။


အမေ့ကိုချစ်ခင်လေးစားတဲ့ …… ဗိုလ်ချူပ်ဈေးက ပြည်သူတွေက ……………………

မလာမနေရဆိုပြီး ဘယ်သူမှ မတိုက်တွန်းကြဘဲ ……

အလုအယက်တိုးဝှေ့ ဝိုင်းအုံပြီး နှုတ်ဆက်ကြ …. လက်ဆောင်ပစ္စည်းတွေပေးကြ ….. အမေစု ကျန်းမာပါစေလို့ ဆုတောင်းပေးကြနဲ့ ….

အမေ့ကို ချစ်ကြတဲ့ပြည်သူတွေဟာ ဟန်ဆောင်တာမဟုတ်ကြဘဲ …… ရင်ထဲ အသဲထဲကကိုက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုထောက်ခံအားပေးကြပါတယ်။

အချို့က အမေ့ကိုမြင်တွေ့လို့ ဝမ်းသာကြည်နူးပီတိဖြစ်ရတဲ့ မျက်ရည်စတွေနဲ့ ….

အားလုံးပြုံးပျော်နေကြတဲ့ မျက်နှာတွေနဲ့ …..

အမေ့ကို မလိုသူတွေက ဘယ်လိုပဲ ဝေဖန် အပုတ်ချ တိုက်ခိုက်ပါစေ ………….

ဘယ်လိုပဲ ဖိနှိပ်ချူပ်ချယ် တားဆီးကြပါစေ ………..

အမေ့ရဲ့ …… နိုင်ငံနဲ့ ပြည်သူလူထုတွေအပေါ်ထားရှိတဲ့ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာ စေတနာတွေကြောင့် ….. ပြည်သူလူထုဆီက စစ်မှန်တဲ့ မေတ္တာတရားနဲ့ ချစ်ခင်လေးစားမှုတွေ ပြန်ရခဲ့တာပါ …..

ဘယ်တော့မှ လျော့ကျသွားခြင်းမရှိဘဲ တနေ့တခြား ပိုပြီးတော့တိုး တိုးလာနေခဲ့တာပါ …..


လူတွေအားလုံးအပေါ်ကို နူးညံ့သိမ်မွေ့တဲ့ မိခင်မေတ္တာစိတ်နဲ့ ကြင်နာတတ်မှု အပြည့်အဝရှိလို့ …..

အမေ (သို့) အမေစု လို့ အားလုံးရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ခေါ်ခဲ့ကြတာပါ ….


ဟုတ်ပါတယ် ....... အမေဟာ …. ပြည်သူတွေ တကယ်ချစ်တဲ့ လူထုခေါင်းဆောင် …..

အမျိုးသားခေါင်းဆောင် တယောက်အဖြစ် သမိုင်းမှာ မော်ကွန်းထိုးနိုင်ခဲ့ပါပြီ …………..။




ရုပ်သံမှတ်တမ်းကို မဇ္ဈိမသတင်းဌာနမှ ပြန်လည်ကူးယူဖေါ်ပြထားပါသည်။




လူထုခေါင်းဆောင်၏ ဝါရင့်နိုင်ငံရေးသမားကြီးများ ဂါဝရပြုပွဲမှတ်တမ်း


ရုပ်သံမှတ်တမ်းကို မဇ္ဈိမသတင်းဌာနမှ ပြန်လည်ကူးယူဖေါ်ပြထားပါသည်။

လူထုခေါင်းဆောင်နှင့် မဇ္ဈိမ အယ်ဒီတာ ကိုစိန်ဝင်း၏ အင်တာဗျူး



Bono Interview On Release of Aung San Suu Kyi (CNN)