Tuesday, November 30, 2010

Myanmar political prisoners still fighting for their rights behind bars


AmnestyInternational



Thursday, November 25, 2010

Burma Behind Bars









AP သတင်းဌာနမှ ဖေါ်ပြခဲ့သော လူထုခေါင်းဆောင်အကြောင်း




အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နှင့် ဒီမိုကရက်တစ်ပါတီ တို့တွေ့ဆုံဆွေးနွေး


(မဇ္ဈိမ) မှ ပြန်လည်ကူးယူ တင်ပြပါသည်။

လူထုခေါင်းဆောင် ရွှေတိဂုံဘုရားသွားဖူးမျှော်ခဲ့သည့် မှတ်တမ်း


(မဇ္ဈိမ) မှ ပြန်လည်ကူးယူ တင်ပြပါသည်။


(NTDTV) မှ ပြန်လည်ကူးယူ တင်ပြပါသည်။


တောင်ဒဂုံက HIV ဝေဒနာသည် စောင့်ရှောက်မှုဂေဟာ (မဇ္ဈိမ)




Wednesday, November 24, 2010

အမေဒေါ်စု (လားရှိုးသိန်းအောင်)




လူထုခေါင်းဆောင်ကို နာမည်ကျော် တေးဂီတအဖွဲ့များ နှင့် အဆိုတော်များမှ ဂုဏ်ပြုသီဆိုခဲ့မှုများ

မှတ်တမ်းများအဖြစ် အမှတ်တရ ပြန်လည်တင်ဆက်ထားပါသည်။









U2 - Walk On


မှတ်တမ်းများအဖြစ် အမှတ်တရ ပြန်လည်တင်ဆက်ထားပါသည်။








သစ္စာဝါဒီ (ဂျပန်နိုင်ငံမှ အဖွဲ့ချူပ်ဝင်များ)


အမှတ်တရ အဖြစ် ပြန်လည်ကူးယူတင်ဆက်ထားပါသည်။



Tuesday, November 23, 2010

မေတ္တာ အရင်းခံပါပဲ ....

ကြည်ဝေ Monday, 22 November 2010 19:41 ဆောင်းပါး

(ဧရာဝတီ အင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)


အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။


အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။


သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဇနီးအမေနုနှင့် သမီး အမေချောကလည်း ဒေါ်အောင်းဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဖခင်၏ စကားကိုနားထောင်ပြီး ဖခင်ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။


သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၆၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။


“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၆၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။


“အစ်မက ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။


ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။


“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။




မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန် ကြိုစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။


“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။


ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။


“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။


ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။


ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။


“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။


၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။


“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။


ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။




Burma Democracy Leader reunited with son




SKY NEWS မှ လွှင့်ထုတ်ခဲ့တဲ့ လူထုခေါင်းဆောင် လွတ်မြောက်မှုသတင်း




လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝလက်မခံဘူး





ဧရာဝတီ Tuesday, 23 November 2010 13:50 (အင်တာဗျူး)

မဖြူဖြူသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှ စ၍ HIV/ AIDS ဝေဒနာရှင်များကို စောင့်ရှောက် ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်းစောင့်ရှောက်ထားသော ဝေဒနာရှင် ၈၀ ကျော်တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံရှိ အိမ်တအိမ်တွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါ လူနာများထံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီး နောက်တနေ့တွင် အာဏာ ပိုင်များက လူနာ ၅၀ ကျော်ကို သာကေတရှိ ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုခဲ့ပြီး ထိုလူနာများ အတွက် ဧည့်စာရင်း တိုင်ခွင့်မပေးတော့ကြောင်း သိရသည်။


မေး။ ။ မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့ HIV လူနာတွေကို ဖိအားပေး ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ထူးခြားပါသေးလဲ။


ဖြေ။ ။ မထူးခြားသေးဘူး။ မထူးခြားဘူး ဆိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ လူနာတွေက ဧည့်စာရင်း တိုင်ပြီး နေပိုင်ခွင့်ရှိတယ်။ ဒါ နိုင်ငံသား အခွင့်အရေးဖြစ်တယ်။ ဒါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံသား အခွင့်အရေးပဲ။ အဲဒီတော့ နေပိုင်ခွင့်ဆိုတာ ရှိပြီးသား ဖြစ်တယ်။ အဲဒါကို ကျမတို့ လူနာ တဦးက ရပ်ကွက်ရုံးကို စာရေးပြီး သွားတင်ထားတယ်။ ဒါပေမယ့် လက်မခံဘူးလို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ နောက်ဆုံးပိတ် သတ်မှတ်ထားတဲ့ အတွက် ၂၅ မှာ ဘာဖြစ်မယ်ဆိုတာ သိပြီးမှ သူတို့ ဆုံးဖြတ်မယ်တဲ့။


မေး။ ။ အဲဒါဆို ၂၅ ရက်နေ့ အပြီးရွှေ့ရမှာလား။


ဖြေ။ ။ ရွှေ့တော့ မရွှေ့ပေးဘူး။ ဒါပေမယ့် ခြိမ်းခြောက်ထားတယ်။ ၂၅ ရက်နေ့ နောက်ပိုင်းဆိုရင် ဖမ်းဆီး အရေးယူ ခံရနိုင်တယ် ဆိုပြီး ပြောတယ်။


မေး။ ။ လူနာတွေကို ပြောင်းရွှေ့ဖို့ ဘယ်လို လာပြောတာလဲ။


ဖြေ။ ။ ဆေးရုံမှာ နေဖို့ ထိုင်ဖို့ လူနာတွေအတွက် အကုန်စီစဉ် ပေးထားတယ်ပေါ့၊ အစိုးရပိုင်းက စီစဉ်ထားတာ ရှိတယ်ဆိုပြီး ပြောတာ။ အဲဒီ သာကေတက ဆေးရုံ တရုံလုံးမှာ လူနာ ၆ ယောက်ပဲ ရှိတယ်လို့ ပြောသံကြားတယ်။ ဒါပေမယ့် သူတို့က ခြိမ်းခြောက်ပြီးတော့ ဆေးရုံကို ရွှေ့ကို ရွှေ့ရမယ်ဆိုပြီး ပြောတာပေါ့နော်။ ဒီမှာလည်း ဆက်နေဖို့ မပေးတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် လူနာတွေက မသွားချင်ကြဘူး။ လူနာတွေက ဒီမှာပဲ နေချင်ကြတယ်။ ဒါကလည်း သူတို့ နေချင်တဲ့နေရာမှာ နေပိုင်ခွင့် ရှိပြီးသားလေ။ လောလောဆယ်မှာတော့ အကုန်လုံး ပြောင်းဖို့ အစီအစဉ်တော့ မရှိသေးဘူးပေါ့နော်။


နောက်တခါ ရပ်ကွက်ထဲမှာ ဒီလိုမထားသင့်ဘူး၊ ဒါဟာ ကူးစက် ရောဂါဖြစ်တယ်ဆိုပြီး ရပ်ကွက်ထဲက လူတွေကိုလည်း လက်မှတ်လိုက်ထိုးခိုင်းတယ်။ ဒါပေမယ့် ရပ်ကွက်ထဲက ပြည်သူလူထုက မနာခံဘူး၊ လက်မှတ် မထိုးပေးကြဘူး။


မေး။ ။ ပြောင်းရွှေ့ရမယ့် ဆေးရုံအခြေအနေကို သွားကြည့်တော့ကော ဘယ်လိုတွေ့ရလဲ။


ဖြေ။ ။ အဲဒီမှာ လူနာကတော့ ၆ ယောက်ပဲ ရှိတာပေါ့နော်။ လူနာတွေကို အသားပေးမယ် ပြောတယ်။ တနေ့စာ ဘယ်လောက်ပေါ့။ ကိုယ့်ဟာကိုယ် ချက်ပြုတ်စား ပေါ့နော်။ ရေတွေဘာတွေတော့ ဝယ်သောက်ရတယ်။ တကယ်က ပေးတဲ့ အသားကလည်း သိပ်မရှိပါဘူး။ စေတနာ အမှန်နဲ့ လူနာကို ကူညီချင်တာ မဟုတ်ဘဲနဲ့ မဖြစ်နိုင်ဘူးလေ။ အဲဒါတွေ သိတဲ့ အခါကျတော့ လူနာတွေ တော်တော်များများက မသွားချင်ကြတာ။ သူတို့ မသွားနိုင်ဘူးပဲ ပြောကြတယ်။


မေး။ ။ အခုလိုမျိုး လာပြောင်းရွှေ့ခိုင်းတာ၊ ရပ်ကွက်က လူတွေကို လက်မှတ်ထိုးခိုင်းတာ ဘယ်တုန်းကလဲ။


ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် လူနာတွေကို လာကြည့်တာက ၁၇ ရက်နေ့က၊ သူတို့ ဒီစာကို ထုတ်တာက ၁၈ ရက်နေ့၊ ၁၉ ရက်နေ့ကျတော့ ရပ်ကွက်ထဲမှာ လက်မှတ် လာထိုးခိုင်းတယ်။


မေး။ ။ အရင်တုန်းကကော အခုလို လူနာတွေကို နှောင့်ယှက်တာတို့၊ ရွှေ့ခိုင်းတာတို့၊ လာပြီး ကြည့်ရှုတာမျိုး ရှိခဲ့လား၊ ကူးစက်ရောဂါ ပြန့်ပွား နိုင်တယ်လို့ လာပြောတာမျိုးကော ရှိပါသလား။


ဖြေ။ ။ အရင်တုန်းကလည်း လုပ်ခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ အိမ်ငှား နေခဲ့တာဆိုတော့ အိမ်ရှင်ကို ဒီလူနာတွေ ဒီအတိုင်းထားရင် ဖမ်းမယ် ဆီးမယ် ဆိုတာမျိုးပေါ့။ အဲဒီလို လုပ်တဲ့ အခါကျတော့ အိမ်ရှင်တွေ ထွက်ပြေး ရတာမျိုး ကြုံဖူးတယ်။ အိမ်ရှင်က ဒီ လူနာတွေကို ထားချင်တယ်။


အဲဒီလို အိမ်ရှင်ကို ဒုက္ခပေးတာမျိုး ရှိလာတော့ ကျမတို့ပဲ ပြောင်းရွှေ့ ပေးလိုက်ရတယ်။ တချို့ နေရာမှာဆိုလည်း အိမ်ရှင်နဲ့ စာချုပ် ၆ လ ချုပ်တယ်ဆိုရင် ၃ လ၊ ၄ လ လောက် နေပြီးပြီဆိုရင် အတင်း ဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းတယ်။ အိမ်ရှင်ကတော့ ဘယ်ပြောင်းစေချင်မလဲ။ သူတို့ကစေတနာရှိတယ်လေ။ ထားချင်တယ်။ ဒါပေမယ့် အတင်း ဖိအားပေးတဲ့ အခါမှာကျတော့ သူတို့ဘက်ကလာပြီး တောင်းတောင်းပန်ပန်နဲ့ သူတို့က မပြောင်းစေချင်ပါဘူး၊ ဒါပေမယ့် ဒီလိုဒီလို ဖြစ်လို့ပါဆိုပြီး လာပြောကြရတယ်လေ။ အဲဒီလိုမျိုးဆိုတော့လည်း ကျမတို့က အိမ်ရှင်ကို ဒုက္ခမရောက်စေချင်ဘူးပေါ့။ အိမ်ရှင် ဒုက္ခရောက်မှာမို့ ပြောင်းပေး လိုက်ရတာမျိုးတွေ ရှိတယ်။ နောက်တခါ လူနာတွေကို အတင်းကို ဆေးရုံပေါ် တင်လိုက်တာမျိုး လုပ်တယ်။ သက်ဆိုင်ရာက ခေါ်တင်ခိုင်းတယ် ဘာညာဆိုပြီး ဆွဲတင်သွားတာပဲ။ အဲဒီလိုမျိုး ခဏ ခဏ ကြုံဖူးတယ်။


အခု အိမ်ကတော့ ငှားတာ မဟုတ်ဘူး။ ကိုယ်ပိုင် အိမ်ဖြစ်နေတယ်။ ဒီတော့ အိမ်ရှင်ကိုလည်း ပြဿနာ ရှာလို့မရတော့ လူနာတွေကို ခြိမ်းခြောက်တာပေါ့။ လူနာတွေကတော့ ခြိမ်းခြောက်ပေမယ့်လည်း ဒီမှာပဲ နေမယ်ဆိုတာမျိုးပဲ ပြောနေတာပေါ့။


မေး။ ။ အဲဒီလို လူနာတွေကို ဆေးရုံ တက်ခိုင်းတဲ့ အခါမှာ လူနာတွေအတွက်ကော ပိုပြီး အဆင်ပြေလား။ ဆေး ရရှိမှု အခြေအနေက အစပေါ့။


ဖြေ။ ။ အဲဒါပြောစရာရှိတယ်။ စက်တင်ဘာတော်လှန်ရေး ဖြစ်တော့ ကျမ မရှိဘူး။ သံဃာတွေ ဖမ်းဟယ် ဆီးဟယ် လုပ်ကြရော။ အဲဒီအချိန် ဘုန်းကြီးကျောင်းတွေမှာ လူနာတွေရှိနေတယ်။ အဲဒီက အမျိုးသား တယောက် အမျိုးသမီး တယောက်ကို ဆေးရုံ တင်လိုက်တယ်။ ဆေးရုံရောက်တော့ တာဝန်မယူနိုင် ပါဘူး ဆိုပြီးတော့ ချက်ချင်းပဲ ညတွင်းချင်း ကားစီစဉ်ပြီး သူတို့ရွာကို ပြန်ပို့လိုက်တယ်။ ရွာလည်း ပြန်ရောက်ရော သိပ်မကြာခင် သေဆုံးသွားကြတယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ လူနာတွေ အနေအထားက ပြန်လာလို့လည်း မလွယ်ဘူး။ တော်တော်လေး ကျန်းမာရေး အခြေအနေက ဆိုးနေတော့ ပြန်မလာ နိုင်တော့ဘူးပေါ့။ သူတို့ဆီ ရောက်သွားရင်တော့ အဆင်ပြေသွားတယ်ဆိုတာ မကြုံဖူးဘူး။ အဆင်ပြေ သွားတာတွေ မရှိဘူး။


မေး။ ။ အဲဒီလို အဖြစ်အပျက်တွေကို လူနာတွေက သေသေချာချာ သိလား။


ဖြေ။ ။ သိတယ်။ လူနာတွေ တော်တော်များများ ကတော့ အကုန်လုံး အပ်ကအစ ဝယ်ရတာလေ။ အားလုံး သူတို့ဆီမှာ ဘာမှ အလကား ရတာမရှိဘူး။ အဲဒီတော့ အခု လူနာတွေက သူတို့ကို အကုန်လုံးက အဲဒီလိုမျိုးကြီး ကူညီပေးမယ်၊ ဘာလုပ်ပေးမယ် ဆိုတဲ့ဟာမျိုးကို လုံးဝ မယုံကြည်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုယ်တိုင်က ဒါမျိုးတွေကို ကြုံခဲ့ပြီးပြီလေ။ လူနာတော်တော်များများက ဆေးရုံက ဆင်းခဲ့ကြတဲ့ သူတွေချည်းပဲ။ သူတို့ကိုယ်တိုင်က ဒီလိုအတွေ့အကြုံ မျိုးတွေ ရှိတဲ့ အခါကျတော့ သူတို့ဘယ်လိုပဲ ကောင်းအောင် လုပ်ပေးမယ်ပြောပြော သူတို့မယုံကြည်ကြဘူး။ ကျမ အနေနဲ့ကလည်း သူတို့ကို ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင် သွားပေါ့။ ဒါပေမယ့် ကျမကလည်း အဆင်မပြေမယ့် နေရာမျိုးကို သိပ်ပြီး မထိုးထည့် ချင်ဘူး။ လူနာတွေ ဒုက္ခရောက်တာမျိုး တွေကိုတော့ မဖြစ်စေချင်ဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဘယ်သူမှ မသွားချင်ဘူး။ သူတို့ကလည်း တော်တော်လေး သိနေကြတယ်။


မေး။ ။ လူနာတွေက အဲဒီလို အစိုးရရဲ့ ဆေးရုံကို မသွားချင်တဲ့ အကြောင်းရင်းက မယုံကြည်တာ တခုပဲလား၊ တခြား အကြောင်းတွေ ဘာရှိသေးလဲ။


ဖြေ။ ။ အဲဒါတော့ အကြောင်းစုံ ရှိတာပေါ့နော်။ လူနာတွေက ကျမတို့တွေထားတဲ့ ပုံစံကတော့ သီးသန့်ကြီး မဟုတ်ဘူးပေါ့။ ဟိုသပ်သပ်၊ ဒီသပ်သပ် မဟုတ်ဘူးပေါ့နော်။ အားလုံးက တစုတဝေးတည်း၊ အကုန်လုံးက တကယ့်ကို ညီအစ်ကို မောင်နှမလို နေကြတာ။ အဲဒီလို နေကြတဲ့ အခါကျတော့ သူတို့က အဲဒီအပေါ်မှာ နှစ်သက်တယ်နဲ့ တူပါတယ်။ ခံစားရတယ်နဲ့ တူပါတယ်။ ကျမတို့ ကိုယ်တိုင်ကိုက လူနာတွေနဲ့ နေတဲ့အခါမှာ တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောစရာရှိရင် ပြောတာပဲ။ ပြောရမယ် ဆိုရင်တော့ သူတို့ မိသားစု ကိစ္စကအစ၊ သူတို့ ခံစားချက်ကအစ နားထောင် ပေးတယ်။ တတ်နိုင်သလောက် ဝိုင်းဖြေရှင်းပေးတယ်။ ကိုယ်လုပ်ပေးနိုင်တာ လေးတွေပေါ့နော်။ သူတို့ ကိုယ်တိုင်က ယုံလည်း ယုံကြည်တယ်။ အဲဒါတွေလည်း ပါတာပေါ့။

ဒီမှာ တွေ့ရတာတော့ လူနာတွေရဲ့အခက်အခဲတွေ တော်တော် များများ၊ စီးပွားရေး အခြေအနေတွေဘာတွေကအစ သူတို့ ရင်ဖွင့်ကြတယ်။ စီးပွားရေး မဆင်မပြေဘဲနဲ့ လာတဲ့လူ များတယ်လေ။ အဲဒီလိုမျိုးတွေကို ကျမတို့ အကုန် နားထောင်ပေး ရတာကိုး။


မေး။ ။ မဖြူဖြူသင်းတို့ဆီမှာ လူနာက ဘယ်နှယောက် ရှိနေပြီလဲ။


ဖြေ။ ။ အားလုံး ၁၀၀ ကျော်တယ်။ နေရေးထိုင်ရေးကတော့ သိပ် အဆင်တော့ မပြေဘူး။ ဒါပေမယ့် ဖြစ်တာတော့ ဖြစ်ပါတယ်။


မေး။ ။ အခုလိုမျိုး လူနာတွေကို ရုတ်တရက် လာရွှေ့ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မဖြူဖြူသင်း အနေနဲ့ ဘယ်လို ထင်လဲ။ ဘာကြောင့်မို့လို့ အခုလို လာရွှေ့ခိုင်းတယ်လို့ ထင်လဲ။


ဖြေ။ ။ ဘာကြောင့် အခုလို ရုတ်တရက် လာရွှေ့ခိုင်းတာလဲ ဆိုတော့ တိုက်ဆိုင်မှုတခုလို့ပဲ ဆိုရမှာပေါ့။ ကျမတို့က ဒီလိုကိစ္စမျိုးတွေ မကြာခဏ ကြုံတွေနေရတာပဲလေ။ ဒါပေမယ့် အခုနေရာကျတော့ တမျိုးပေါ့နော်။ အခု ကတော့ ဒေါ်အောင်ဆန်းစုကြည်က ၁၇ ရက်နေ့ကလာတယ်။ ၁၈ ရက်နေ့မှာ သူတို့စာထုတ်တယ်။ ကျမ မြင်တာကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့လုပ်ပိုင်ခွင့်ရှိတယ်၊ သူတို့လုပ်နိုင်တယ်ဆိုပြီး အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မြင်တာပေါ့။


ကျမရဲ့ အမြင်ကတော့ ပြည်သူလူထုအပေါ်မှာ ဘာပဲပြောပြော ဖိအားပေးစရာ မလိုဘူးပေါ့နော်။ အဓိကက သူတို့မှာ ဒီရောဂါရှိတော့ ပိုပြီးအားငယ်တာပေါ့။ အားငယ်နေတဲ့ လူတွေကို ကူညီဖို့လိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ကျမအနေနဲ့ NGOs နဲ့ပဲဖြစ်ဖြစ် အစိုးရပိုင်းနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာလည်း စေတနာ မှန်ဖို့လိုပါတယ်။ အခုဟာက ကျမမြင်တာတော့ စေတနာလုံးဝ မမှန်ဘူး။ နောက်တခုက ကျတော့ ဒီလူနာကို ကူညီရမယ် နှစ်သိမ့်ရမယ် အားပေးရမယ် ဆိုတာထက် သူတို့က ခြိမ်းခြောက်မှုနဲ့ သူတို့က အာဏာရှင်၊ ငါတို့ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါကတော့ အာဏာရှင် ဆန်ဆန် လုပ်တယ်ဆိုတဲ့ သဘောတွေ့ရတယ်။


မေး။ ။ အဲဒီတော့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကော သိပြီးပါပြီလား။ သူက ဘယ်လို ထင်မြင်ချက်တွေ ပေးသေးလဲ။

ဖြေ။ ။ သိတယ်၊ အကုန်သိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမတို့က တရားဥပဒေအရ ရင်ဆိုင်ဖို့ အားလုံး စီစဉ် ပြီးသားပါ။


အန်တီကတော့ လူနာတွေ အတွက်ကို တော်တော် စိတ်မကောင်းဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူနာတွေအတွက် အများကြီး မျှော်လင့်ထားတယ်။ အများကြီး လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်ရှိတယ်။ လူနာတွေရဲ့ နေရေး ထိုင်ရေးကိစ္စက အစ သူအများကြီး ကြိုးစားပေးပါ့မယ် ဆိုတာကို လူနာတွေကို ပြောခဲ့တယ်လေ။ ဆေးဝါးတွေ ရရှိဖို့ တတ်နိုင် သလောက် သူ့အနေနဲ့ အစစ အရာရာ ကြိုးစားသွားမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီလိုမျိုး သူက ကြိုးစားမယ်ဆိုပြီး အင်အား တက်ကြွပြီး ပြောထားတဲ့ အချိန်မှာမှ လူနာတွေကို နှင်ထုတ်လိုက်တယ် ဆိုတော့ သူ တော်တော်လေး စိတ်မကောင်း ဖြစ်တာပေါ့။


အန်တီ့ကိုတွေ့တော့ လူနာတွေအားလုံးကလည်း အရမ်းကို တက်ကြွနေကြတာ ပေါ့နော်။ အကုန်လုံး ဝမ်းသာတာပေါ့။ အန်တီ့ကို သူတို့က မျှော်လင့်နေကြတယ်။ လူနာတွေ အနေနဲ့ အများကြီး မျှော်လင့်ကြတယ်။ အားလည်း ကိုးကြတယ်။


မေး။ ။ တကယ်လို့ သူတို့ဘက်က မရွှေ့မနေရ အတင်းအကျပ် ရွှေ့ခိုင်းရင် မဖြူဖြူသင်းတို့ဘက်က ဘာလုပ်လို့ရမလဲ။


ဖြေ။ ။ ကျမတို့ဘက်က ဘာလုပ်မလဲဆိုတော့ အစစအရာရာ ပြင်ဆင်ထားတယ်လေ။ ဥပဒေကြောင်း အရ ပြင်ဆင် ထားတယ်။ အတင်းအကျပ် လုပ်လာမယ်ဆိုရင် ကျမ လူနာတွေကို လုံးဝ အထိအခိုက် ခံမှာမဟုတ်ဘူး။ သူတို့အနေနဲ့ လူနာတွေ အပေါ်မှာ အဓမ္မလုပ်ရင် ကျမ လုံးဝ လက်မခံဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဒီလို မတရားလုပ်ခဲ့တာတွေ တလျှောက်လုံး ကျမ ကြုံခဲ့ရပြီးပြီ။ ကြုံခဲ့တဲ့တလျှောက်လုံး ကျမတို့တွေက လူနာရှင် ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီး လူနာတွေ ထိခိုက်မှု မရှိအောင် ကျမတို့ ကြိုးစားခဲ့တယ်။ အခု ဒီတခေါက်လည်း လူနာတွေကို တခုခုလုပ်မယ်ဆိုရင် ကျမလူနာတွေကို အထိအခိုက် လုံးဝမခံပါဘူး။ သူတို့ဘက်ကနေ ရပ်တည်သွားမှာပါ။


လူနာတွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ရမှာပါ။ အခုကလည်း သူတို့သဘောာထား သိနေပြီ။ သူတို့ကလည်း ပြတ်ပြတ် သားသားပဲ။ မရွှေ့နိုင်ဘူးပဲ ပြောနေကြတယ်။ ။