Wednesday, March 24, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၂)

(Choosing Right Path and Real Politics)
နအဖက ဘာ့ကြောင့် ရွေးကောက်ပွဲ လုပ်ပေးတာလဲ။ အာဏာကို သူတို့ဘဲ ဆက်လက် ချုပ်ကိုင်သွားမဲ့အတူတူ ဘာ့ကြောင့် အလုပ်ရှုပ်ခံပြီး ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေပါသလဲ။
အရပ်သားတွေကို ဇယားအရှုပ်ခံပြီး အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းထဲမှာ ပါဝင်လာစေတဲ့ (၉၁)ဌာန ကိုလိုအုပ်ချုပ်ရေးလို ရွေးကောက်ပွဲမျိုး ကျင်းပပေးရခြင်းက အနှစ်နှစ်ဆယ်လုံးလုံး သူတို့မရခဲ့တဲ့၊ ဒီအတိုင်းဆက်သွားရင် နောက်အနှစ် (၂၀၀)ကြာလည်း မရနိုင်တဲ့ တရားဝင်မှု(Legitimacy)ကို လိုချင်တဲ့အတွက်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အာဏာနှင့် ငွေတွေ အလျှံပယ်ရှိနေတဲ့ ဗိုလ်ချုပ်တွေအဖို့ ဒေသဆိုင်ရာ အိမ်ကျယ်ဘ၀က တစ်ဆင့်တက်ပြီး နိုင်ငံတကာမှာ တွင်ကျယ်နိုင်ဖို့က လူရိုသေ၊ ရှင်ရိုသေ တရားဝင် အစိုးရဖြစ်ဖို့ လိုအပ်နေပါတယ်။ ဒါကို လူထုကသာ ပေးနိုင်တာမို့ အနှစ်နှစ်ဆယ်ကျော် မျက်ကန်း တစ္ဆေမကြောက် တစ်ကိုယ်ရေ ကောင်းစားရေးအတွက်  ထင်ရာစိုင်းနေတဲ့ စစ်ဗိုလ်ချုပ်တွေအဖို့ မလွှဲမရှောင်သာ လူထုရှေ့မှောက် (ဟန်ဆောင်လို့ဘဲဖြစ်ဖြစ်) အဆုံးအဖြတ်ခံဖို့ ဖြစ်လာရတာပါ။
ကောင်းပြီ။ ဒါဆို ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်တွေက လူထုအဆုံးအဖြတ်အတိုင်း နာခံကြတော့မှာလားဆိုရင် ထင်သာထင် မ၀င်ဘူး ကျောင်းအမလို့ ဖြေရပါလိမ့်မယ်။ ဆီးရီးယား၊ အီဂျစ်၊ ကင်ညာ၊ ဇင်္ဘာဘွေ၊ အီရန်၊ အာဖဂန်နစ္စတန်၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေလို အာဏာရှင်နှင့် အာဏာရှင်တစ်ပိုင်းနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ လူထုရဲ့ အဆုံးအဖြတ်မှန်ကို ရယူရေးထက် ရွေးကောက်ပွဲကို မိမိအာဏာ ဆက်လက်တည်တံ့ရေးအတွက် ထင်သလို ခုတုန်းလုပ်ခဲ့တာတွေသာ တွေ့ရပါတယ်။ ရက်စက်တဲ့ အာဏာရှင်တွေအောက်မှာ ပြည်သူတွေရဲ့ မူလ အခွင့်အရေးတွေဟာ ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် အလိုအလျောက် မရောက်လာတတ်ပါဘူး။
နအဖလို အာဏာရှင်မျိုးတွေအတွက် ရွေးကောက်ပွဲဆိုတာ (၁) အမည်ခံ ရွေးကောက်ပွဲ ကျင်းပဖို့ (၂) မဖြစ် ဖြစ်တဲ့နည်းနှင့် အနိုင်ရရှိဖို့သာ ဖြစ်ပါတယ်။ ဖိနှိပ်၊ မဲလိမ်၊ မဲခိုး၊ မဲညစ်တာတွေကို လုပ်တတ်ကြပြီး ပြည်ပက ပြစ်တင်ရှုံ့ချ ကန့်ကွက်မှုတွေဟာ ရက်သတ္တပါတ် အနည်းငယ်က လအနည်းငယ်လောက်သာ ကြာမြင့်တတ်ပါတယ်။ ပြည်တွင်းက မကြေမနပ်သူတွေကိုတော့ တရားဝင် အရွေးကောက်ခံ အစိုးရအဖြစ် ဇွတ်ကြေညာပြီး ပိုလို့တောင် ဖိနှိပ်နိုင်ကြပါတယ်။ နောက်ဆုံးမတော့ ပြည်တွင်း၊ ပြည်ပက အင်အားစုတွေဟာ ဖိနှိပ်မှုတွေ လျော့ပါးလာရေး၊ ဥပဒေတွင်းတိုက်ပွဲ ရင်ဆိုင်ရေး၊ စားဝတ်နေရေး အကြပ်အတည်းတွေ ဖြေရှင်းရေး၊ တိုင်းပြည်ထူထောင်ရေး၊ ဒေသတည်ငြိမ်ရေးတို့အတွက် မတရားတက်လာတဲ့ အစိုးရကိုဘဲ ဦးတည် အဖြေရှာဖို့ ဖြစ်လာရပြန်ပါတယ်။ မုန့်လုံးကို စက္ကူကပ်ပြန်တာ ဖြစ်ပါတယ်။ ဒါကို ခေတ်သစ်အာဏာရှင်တွေ ကောင်းကောင်း သိထားကြပါတယ်။
စစ်အာဏာရှင်တွေဟာ လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အခွင့်အရေးရတိုင်း အစဉ်ခွဲထုတ်ဖို့ ကြိုးစားနေတာ အခုမှ မဟုတ်ပါဘူး။ အနှစ်နှစ်ဆယ်ကျော် ကြာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် NLDသည် ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးဆိုတာကို သိထားတာမို့ အခုလို ပါတီမှတ်ပုံတင်ခြင်း ဥပဒေမျိုးကို တမင်ထုတ်ပြန်ပြီး ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အစီအစဉ်ရှိရှိ ထိုးခွဲလိုက်တာ ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်တစ်ယောက်ကို ထိုးနှက်ဖို့အတွက် ကမ္ဘာမှာ မည်သည့်နိုင်ငံတွင်မှ မရှိသော ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွေကို သိက္ခာကင်းမဲ့စွာ ပြဌာန်းခဲ့ခြင်းအတွက် NLDက ဦးဆောင် ကန့်ကွက်သွားမှာဖြစ်ပါတယ်။ ကန့်ကွက်ဖို့လည်း လိုအပ်ပါတယ်။ အာဏာရှင်တွေ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာကို ပြဖို့ လိုပါတယ်။ သို့သော် ဒီဥပဒေတွေကို ကန့်ကွက်ရင်းနှင့် တစ်ဖက်ကလည်း အဓိကကျတဲ့ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကန့်ကွက်ချက်က တဖြည်းဖြည်းနှင့် နောက်တန်းရောက်သွားတာကိုလည်း သတိမူဖို့ လိုပါတယ်။ ကုလနှင့် နိုင်ငံတကာကလည်း နာဂစ်ဖွဲ့စည်းပုံထက် လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကိုဘဲ ဇောင်းပေး ပြောလာပါပြီ။ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတတ်တဲ့ လက်တွေ့နိုင်ငံရေး(Real Politics) ဖြစ်စဉ်တွေပါ။
၁၉၉၀ရွေးကောက်ပွဲပြီး ဂန္ဒီခမ်းမကြေညာချက်၊ နောက်တစ်ဆင့်လျော့ပြီး အရွေးချယ်ခံ အမတ်များကို ၁/၉၀အရ ဖွဲ့စည်းပုံရေးဆွဲခွင့်ပြုရေး တောင်းဆိုချက်၊ နောက်တစ်ခါ လွှတ်တော်သာခေါ်ပေးပါ၊ De jure အစိုးရအဖြစ် အသိအမှတ်ပြုပေးပါမယ်ဆိုတဲ့ တောင်းဆိုချက်နှင့် နောက်ဆုံး ရွှေဂုံတိုင်ကြေညာချက်အထိ အခြေခံတောင်းဆိုချက်တွေ ရွေ့လျောလာမှုတွေက အရှိတရားတွေပါ။ လက်တွေ့ကျကျ ဆက်စပ် နှိုင်းယှဉ် သင်္ခန်းစာထုတ်နိုင်ကြပါတယ်။
တိုင်းရင်းသားတွေဖက်ကိုလည်း ပြန်ကြည့်ပါ။ လက်နက်ကိုင်တော်လှန်ရေးအားဖြင့်သာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တယ်ကနေပြီး လက်နက်ကိုင်လမ်းစဉ်သည် အဖြေမဟုတ်ဘဲ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးသည်သာ မှန်ကန်တယ်ဆိုတာကို အခြေအနေအရ ပြောင်းလဲတောင်းဆိုရပါတယ်။ တစ်ချိန်က သစ္စာဖေါက်တွေအဖြစ် သတ်မှတ် ရှုံ့ချခံခဲ့ရတဲ့ ငြိမ်းအဖွဲ့တွေကိုလည်း အခု သွေးသောက် မဟာမိတ် ပြန်လုပ်ရပါတယ်။ နိုင်ငံရေးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ကြီး တာမလာဘောဆိုတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြသနာ မဟုတ်သလို၊ NLD၊ စစ်တပ်၊ KNU KIA NMSPစတဲ့ ပါတီအဖွဲ့အစည်း ပြသနာ မဟုတ်ပါဘူး။ လူထုအကျိုးစီးပွါးကို စေတနာမှန်၊ အနစ်နာခံပြီး၊ လက်တွေ့ကျကျ ဘယ်နည်း ဘယ်ပုံ ထမ်းဆောင်နိုင်သလဲက နိုင်ငံရေးလမ်းကြောင်းကို ချမှတ်ပါတယ်။
NLDက ဘယ်လမ်းလိုက်မလဲဆိုတာက မေးခွန်းမှန် မဟုတ်ပါဘူး။ လမ်းကြောင်းမှန်ကို NLD သွား မသွားကသာ မေးခွန်းမှန် ဖြစ်ပါတယ်။ လမ်းကြောင်းမှန်ဆိုတာကို ဘယ်လို သတ်မှတ်မလဲ။ လက်နက်ကိုင် တော်လှန်ရေးမှအပ အခြားမရှိက မနေ့က လမ်းကြောင်းမှန်ပါ။ ယနေ့ လမ်းကြောင်းမှန် မဟုတ်တော့ပါဘူး။ လုပ်နည်းလုပ်ဟန်တွေ၊ လမ်းကြောင်းတွေက အခြေအနေအရ ပြောင်းလဲတတ်သော်လည်း တိုင်းရင်းသားများရဲ့ နိုင်ငံရေး အန္တိမ ရည်မှန်းချက်ဖြစ်သော မိမိအမျိုးသားများ လွတ်မြောက်ရေး ပန်းတိုင်ကတော့ ဘယ်သောအခါမှ မပြောင်းလဲသွားနိုင်ပါဘူး။ ဒီသဘောတရားသည် ငြိမ်းအဖွဲ့တွေ၊ မငြိမ်းအဖွဲ့တွေ၊ အတိုက်အခံအဖွဲ့အားလုံး အပါအ၀င် NLDကိုလည်း သက်ရောက်ပါတယ်။
NLDရဲ့ ယနေ့စိမ်ခေါ်မှုက ပြည်သူလူထုကို အကောင်းဆုံး အလုပ်အကြွေးပြုနိုင်မဲ့ နိုင်ငံရေး လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်မှုလို့ဘဲ ရိုးရိုး ရှင်းရှင်းလေး သတ်မှတ်ပေးကြဖို့ အထူးသဖြင့် ပြည်ပက ခေါင်းဆောင်တွေကို မေတ္တာရပ်လိုပါတယ်။ လမ်းကြောင်းတစ်ခုခုကို မိမိရဲ့ နိုင်ငံရေးယုံကြည်ချက်အပေါ် အခြေခံပြီး ငြင်းခုန်ရွေးချယ်နေကြတဲ့ NLD ခေါင်းဆောင်ပိုင်းမှာ အချောင်သမား တစ်ယောက်မှ မရှိပါဘူး။ ရေနှင့် မီးနှင့် အစမ်းသတ်ခံပြီး မှတ်ကျောက်အတင်ခံတဲ့ ခေါင်းဆောင်တွေပါ။ ပါတီမှတ်ပုံတင် မတင်ကို အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ ခေါင်းဆောင်များကို မိမိအမြင်နှင့် မတူတာကြောင့် လူထုကို သစ္စာဖေါက်တယ်။ လူထုကို စော်ကားတယ်။ စစ်တပ်ကို ဒူးထောက်အညံ့ခံတယ်။ တိုင်းပြည် မျက်နှာ မကြည့်ဖူး။ အချောင်သမားတွေ ဖြစ်တယ်လို့ တာဝန်မဲ့ မစွပ်စွဲခင် အဲဒီပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ နိုင်ငံရေးသိက္ခာ၊ သတ္တိ၊ သမာဓိ၊ သစ္စာတွေကို အရင်မြင်အောင် ကြည့်ပေးစေချင်ပါတယ်။ သူတို့သည် သူတို့ကို ဝေဖန်သူ ခေါင်းဆောင်များနည်းတူ တိုင်းပြည်ကို ချစ်သူ။ သစ္စာရှိသူ၊ သတ္တိရှိသူများ ဖြစ်ကြပါတယ်။ အမြင်မတူတာတွေကို တာဝနှ်ရှိရှိ တာဝန်ခံပြီး ဝေဖန်ကြဖို့ လိုပါတယ်။
အတိုက်အခံတွေဘက်က အခြေအနေ အခွင့်အခါတွေကို ထိရောက်စွာ အသုံးချနိုင်ရင် နအဖက ထုတ်ပြီးသား ဥပဒေတွေကို ပြင်ပေးတာထက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖမ်းခံနိုင်ငံရေး ခေါင်းဆောင်အချို့ကို ပြန်လွှတ်ပေးခြင်းဖြင့် ထွက်ပေါက်ရှာသွားနိုင်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါကလည်း ဖြစ်နိုင်တဲ့ မျှော်လင့်ချက် (Realistic Expectation) တစ်ခုဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ၊ ပါတီမှတ်ပုံမတင်လို့ အာဏာရှင်မပြုတ်ကျသွားသလို၊ NLDက ရွေးကောက်ပွဲ မ၀င်လို့ နအဖက ရွေးကောက်ပွဲ မလုပ်ဘဲနေမယ်လို့ မထင်ပါဘူး။ သို့သော် ရွေးကောက်ပွဲကို ကမ္ဘာက လက်ခံလာစေရေးအတွက် နအဖက NLDကို ရွေးကောက်ပွဲ ဝင်စေချင်ပါတယ်။ တစ်ဖက်ကလည်း NLDက စည်းလုံးညီညွတ်စွာ ရွေးကောက်ဝင်လာရင် သူတို့အနိုင်ရဖို့ အခက်အခဲ ရှိပြန်တာကြောင့် ဝင်ရင်တောင်မှ အကွဲအပြဲနှင့် ချိနဲ့နဲ့ ဝင်လာရအောင် မတရား ချုပ်ချယ်တဲ့ ဥပဒေတွေကို တမင်ထုတ်ပြန်ပြီး သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာအောင် ဖန်တီးနေတယ်လို့ ယုံကြည်ရပါတယ်။ NLDက မိမိသဘောနှင့် ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ရင် နအဖ သိပ်ကြိုက်သွားမှာပါ။ ကျုပ်က ရွေးကောက်ပွဲဝင်ဖို့ အဆိုပြုနေတာ မဟုတ်ပါဘူး။ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ချက်ပြနေခြင်းသာ ဖြစ်ပါတယ်။ နအဖ သိပ်ကြိုက်တဲ့ ကိစ္စတွေကို အထူး သံသယထားပြီး နှစ်ခါပြန် စဉ်းစားဖို့ လိုပါတယ်။
နိုင်ငံရေးရှိဖို့က ပါတီရှိဖို့ထက် အရေးကြီးတယ်။ နိုင်ငံရေးရှိရင် ပါတီမရှိလည်း ကိစ္စမရှိဘူး။ ပါတီရှိပြီး နိုင်ငံရေး မရှိလျှင် ဝိညာဉ်မရှိ၊ အလကားဘဲလို့ ဆရာဦးဝင်းတင် ပြောတာ အင်မတန် မှန်ကန်ပါတယ်။ ယနေ့ တရားဝင် နိုင်ငံရေးပါတီ (၁၀)ပါတီ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ (၁၀)ပါတီလုံးကို ရည်တွက်ပြနိုင်သူ အင်မတန် နည်းပါးလိမ့်မယ် ထင်ပါတယ်။ သို့သော် ဦးအေးသာအောင်လို၊ ဦးပူကျင်ရှင်းထန်လို ပုဂ္ဂိုလ်မျိုး ရှိနေသရွေ့ ပါတီမရှိလည်း နိုင်ငံရေး ရှိနေပါတယ်။ နိုင်ငံရေး ရှိခြင်း မရှိခြင်းသည် ပါတီဝင်များ၊ ခေါင်းဆောင်များအပေါ်တွင်သာ တည်ပါတယ်။ ပါတီ ရှိခြင်း မရှိခြင်းပေါ်မှာ မတည်ပါဘူး။ မည်သို့သော ဖိနှိပ်ချုပ်ချယ်သော ဥပဒေအောက်တွင်ဖြစ်စေ၊ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ခုမှာ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးရဲ့ ဦးဆောင်မှု ရှိနေသရွေ့ နိုင်ငံရေး မသေပါဘူး။ အမျှော်အမြင်ကြီး၊ စေတနာမှန်၊ သတ္တိရှိတဲ့ခေါင်းဆောင်တွေ ရှိနေသရွေ့ NLDသည် မှတ်ပုံတင်သည် ဖြစ်စေ၊ မတင်သည် ဖြစ်စေ နိုင်ငံရေး ရှိနေမှာကို ကျုပ်တို့ ယုံမှားသံသယ မရှိကြပါဘူး။ မြန်မာ့တပ်မတော်ကို ဖက်ဆစ်ဂျပန်အောက်မှာ အခြေအနေအရ ထားရှိခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်များ ရှိနေခဲ့တာမို့ မြန်မာ့လွတ်လပ်ရေးကို ဘယ်သောအခါမှ မျက်ခြေမပြတ်ခဲ့ဘူးဆိုတာကို သမိုင်းမှာ သက်သေထူပြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးမှာ CECနှင့် CC အဆုံးအဖြတ်အတိုင်း လိုက်နာမယ်လို့ ဆိုထားပါတယ်။ အားလုံးသိတော်မူတဲ့အတိုင်း ပါတီထိပ်ပိုင်းမှာ ဖုံးမနိုင် ဖိမရ လူသိရှင်ကြား သဘောထားကွဲနေကြပါပြီ။ မှတ်ပုံတင်ရင် ပါတီက အနားယူမယ်လို့ ပြောသူရှိသလို မှတ်ပုံမတင်လိုသူများ လူထုနိုင်ငံရေး ဆက်လုပ်နိုင်ကြပြီး မှတ်ပုံတင်လိုသူများဖြင့် ပါတီကို မှတ်ပုံတင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည်အထိ၊ ဆက်သယ်ဆောင်သွားမယ်လို့ ပြောသူက ပြောလာပါပြီ။ ခံစားချက်တွေ သိပ်ပြင်းထန်လွန်းနေကြဟန် တူပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနုက “ပြည်သူတွေ စစ်အာဏာရှင်အောက်မှာ ဒုက္ခရောက်လွန်းနေတာကြောင့် အင်္ဂလိပ်ကို တော်လှန်ပြီး လွတ်လပ်ရေးယူမိတာ အပစ်တစ်ခု ကျူးလွန်မိသလိုဘဲ”လို့ ငြီးငြူခဲ့တာကို ပြန်သတိရမိပါတယ်။
အနှစ်နှစ်ဆယ်ကျော် ကြံ့ကြံ့ခံခဲ့တဲ့ NLDသည် လက်ရှိအကြပ်အတည်းကို ကျော်လွှားနိုင်ပါ့မလား။ ပါတီခေါင်းဆောင်များ သဘောထား ကွဲလွဲမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပါတီနှစ်ခြမ်း ကွဲသွားမလား။ ပါတီကွဲရင်တော့ လူထုနစ်နာ၊ တိုင်းပြည်နစ်နာမယ် စသဖြင့် ပူပန်သံတွေက ပြည်တွင်း၊ ပြည်ပမှာ ပိုမိုကျယ်လောင် နေပါပြီ။
ပူပန်သူတွေရဲ့ စိတ်သောက စေတနာကို အလေးအနက်ထားပါသော်လည်း ကျုပ်အမြင်မှာတော့ သိပ်ပူပန်စရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။ ပါတီမှာ နှစ်ခြမ်းကွဲစရာ၊ စည်းလုံးညီညွတ်မှု ပြိုကွဲစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်။ ရှင်းပါမယ်။
ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် NLDပါတီသည် အဓိပ္ပါယ်မရှိပါလို့ ဦးလွင်ပြောခဲ့ပါတယ်။ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ မိမိကိုယ်ကို အင်မတန် နှိမ့်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားတဲ့ ပြောစကားများကိုလည်း ကြားယောင်နေမိပါတယ်။ ဦးအောင်ရွှေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိတဲ့ သစ္စာတရားကလည်း သက်သေထူခဲ့ ပြီးပါပြီ။ တစ်ကယ်တော့ ၁၉၉၀ရွေးကောက်ပွဲ ကာလတုန်းက အခုလိုဘဲ ရွေးကောက်ပွဲဝင်ရေးဆုံးဖြတ်ချက်ကို မကြေနပ်တဲ့ ခေါင်းဆောင်များ အများအပြား ရှိနေခဲ့ပါတယ်။ အဲဒီသဘောထား ကွဲလွဲမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းလိုက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့ဘူးပါတယ်။
ပါတီက မှတ်ပုံတင်ရန် ဆုံးဖြတ်သည်ဖြစ်စေ၊ မတင်ရန် ဆုံးဖြတ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ၊ မ၀င်ဘူးဖြစ်စေ၊ ဒီဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက် မှားမှား မှန်မှန်၊ ဆိုးဆိုး ကောင်းကောင်းကို တစ်နိုင်ငံလုံးက ပါတီဝင်တွေက လူထုနှင့်အတူ ရင်ဆိုင်ကျော်လွှားရမှာ ဖြစ်တဲ့အတွက် ဒီလိုဆုံးဖြတ်ချက်မျိုးကို အလွယ် မဆုံးဖြတ်နိုင်ပါဘူး။ အကြေအလည် ဆွေးနွေးပြီးသည့်နောက်မှ အများသဘောတူညီမှု(unanimity) အရသာ ဆုံးဖြတ်သင့်တယ်။ ဒီလိုအရေးကြီးလှတဲ့ ကိစ္စရပ်မျိုးကို မဲများသူတွေက မဲနဲသူတွေ အပေါ်မှာ မဲအရ အနိုင်ယူ ဆုံးဖြတ်လိုက်ခြင်းဖြင့် ပါတီရဲ့ ရှေ့ခရီးကြမ်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စည်းလုံးညီညွတ်မှု၊ ကြံ့ခိုင်မှုကို တစ်စုံတစ်ရာ ထိခိုက်သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေတာကို ကျုပ်တို့ မမေ့ထားသင့်ပါဘူး။ အများသဘောတူ တညီတညွတ်တည်း တခဲနက် မဆုံးဖြတ်နိုင်ဘူးဆိုလျှင် အကောင်းဆုံးက ပြည်သူလူထုချစ်ခင် ကိုးစား ယုံကြည်မှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကို နာခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးက တိုင်းပြည်အတွက်ကော ပါတီအတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့ လေးလေးနက်နက် အကြံပြုလိုပါတယ်။
နိုင်ငံရေး သေရန် မလို။ ပါတီမှ အနားယူရန် မလို။ ပါတီကွဲရန် မလို။ လူထု အားပျက်ရန် မလို။ လဠ မျက်ရည်ကျရန် မလို။
အချပ်ပို(က)
လူထုဦးစိန်ဝင်းက NLDကို အသုံးမကျတဲ့ ပါတီတစ်ခုအဖြစ် ပစ်ပစ်နှစ်နှစ် ချိုးနှိမ်ဝေဖန်တာကို မတ်လ(၁၉)၊ ၂၀၁၀ထုတ် မိုးမခမှာ ဖတ်လိုက်ရပါတယ်။ အနှစ်နှစ်ဆယ်ကျော် လူထုကို ဒီမိုကရေစီ မဖေါ်ဆောင်ပေးနိုင်တဲ့အတွက် တာဝန်အရှိဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် NLDဖြစ်ပါတာမို့ NLDကို ဝေဖန်နိုင်ပါတယ်။ သို့သော် ဓမ္မဓိဌာန်ကျကျ ဝေဖန်စေချင်ပါတယ်။ NLDသည် နိုင်ငံတနံတလျားမှာ ဘ၀တွေ အပျက်ခံပြီး လူထုအတွက် စွန့်လွှတ်ပေးဆပ်နေဆဲဖြစ်တဲ့ သူရဲကောင်းတွေရဲ့ လူထုပါတီဖြစ်ပါတယ်။ လူထုဦးစိန်ဝင်း စွပ်စွဲသလို အချောင်သမားပါတီ မဟုတ်ပါဘူး။ အချောင်သမားတွေလည်း ပါတီအတွင်းမှာ မရှိတော့ပါဘူး။ စစ်အစိုးရရဲ့ အကျဉ်းထောင်တွေမှာ NLDတွေနှင့် ပြည့်လျှံနေတာကို ဆရာဘာ့ကြောင့် မမြင်နိုင်ရပါသလဲ။ စစ်အစိုးရ ဖိနှိပ်မှုကို တလျှောက်လုံး ခါးစည်းခံနေသည့် NLDကို ဆရာဘာ့ကြောင့် အခုလို ပစ်ပစ်ခါခါ ပြောရက်နိုင်ပါသနည်း။ စစ်အာဏာရှင်စနစ်ကို ကျဉ်းထဲကြပ်ထဲက ဦးဆောင် ခံတိုက်နေရတဲ့ NLDလို အဖွဲ့အစည်းတစ်ခုရဲ့ နေရာမှာ အစားထိုးဝင်ယူနိုင်တဲ့ အဖွဲ့အစည်းမျိုး မပေါ်ပေါက်သေးခင် ပါတီတစ်ခုလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းရိုက်ချလိုက်ခြင်းသည် တာဝန်မမဲ့လွန်း ပေဘူးလား။
NLDရဲ့ အမှားတွေကို သိထားရင်တောင် စေတနာကောင်းထား ထောက်ပြပြီး ခုနေခါမျိုးမှာ မိတ်ဖက်သဘောအနေနှင့် လက်တွဲခေါ်ယူသင့်ပါတယ်။ ဘ၀တွေ အစတေးခံပြီး အနှစ်နှစ်ဆယ်လုံးလုံး စစ်အာဏာရှင် အထုအထောင်းခံနေရတဲ့ NLDပါတီကို တစညတို့၊ ကြံ့ဖွတ်တို့နှင့် အတူတူဘဲလို့ အခြေအမြစ်မဲ့ စွပ်စွဲလိုက်ခြင်း၊ လူထုထင်ယောင် ထင်မှားဖြစ်အောင် ဗြောင်ကျကျ သပ်လျှို ထိုးနှက်လိုက်ခြင်း၊ ခေါင်းဆောင်ပိုင်းကို အားမရတာနဲ့ ပါတီတစ်ခုလုံးကို အချောင်သမားပါတီသဘော သိမ်းကြုံးစွပ်စွဲလိုက်ခြင်း၊ အခုလို မိုးထဲ ရေထဲမှာ ပါတီစည်းလုံးမှုပြိုကွဲပြီး ဖရိုဖရဲဖြစ်သွားအောင် ဌာနချုပ်ကို အမြောက်နဲ့ ပစ်ခိုင်းလိုက်ခြင်းတို့အတွက် စစ်အာဏာရှင် နအဖက အတော် ကျေနပ်အားရသွားမှာပါ ဆရာ။ ဆရာဦးစိန်ဝင်းတစ်ယောက် ယုံမှားကင်းစွာ ဘယ်လိုများ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပါစ။
အချပ်ပို(ခ)
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖကြားမှာ လူပုဂ္ဂိုလ်ရေး အထစ်အငေါ့ပြသနာရှိလို့ ဖြစ်တယ်ဆိုပြီး ဦးသုဝေက မဇ္ဈိမသတင်းဌာနကို ဖေဖေါ်ဝါရီ(၂၆)မှာ ပြောလာပြန်တော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီအချိန်မှာ မပြောကြတော့ဘူးလို့ ထင်ခဲ့မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တင်းမာလို့ (သဘောထားပျော့ပြောင်းတဲ့)နအဖက မဆွေးနွေးတာဆိုတဲ့ စွပ်စွဲချက်တွေ ထပ်လာအုန်းမလား မသိပါဘူး။
ကျုပ်မမှားဘူးဆိုလျှင် ဦးသုဝေ၊ ဦးရွှေအုန်းနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့သည် မြန်မာ့နိုင်ငံရေး ပြသနာတွေကို ကူညီဖြေရှင်းနိုင်ဖို့ န၀တ၊ နအဖ စစ်ဗိုလ်ချုပ်တွေနှင့် တွေ့ဆုံဆွေးနွေးရန် တစ်ကြိမ်မက တောင်းဆိုခဲ့ဖူးတယ်လို့ သိထားပါတယ်။ နအဖက ထုံးစံအတိုင်း လက်ခံတွေ့ဆုံဖို့ နေနေသာ အကြောင်းတောင် မပြန်ဘူးလို့ ယုံကြည်ရပါတယ်။ ဦးသုဝေ သုံးသပ်တဲ့အတိုင်း သုံးသပ်ရမယ်ဆိုရင် ဦးသုဝေ၊ ဦးရွှေအုန်း၊ အမျိုးသားရေး ဦးဝင်းနိုင်တို့နှင့် န၀တ၊ နအဖကြားမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူပုဂ္ဂိုလ်ရေး အထစ်အငေါ့ ပြသနာရှိလို့ ဗိုလ်ချုပ်တွေက ညင်းခဲ့တာလား။ သို့မဟုတ် ဦးသုဝေတို့တွေက သဘောထားတင်းမာလို့ ခြောက်ပြစ်ကင်း သဲခဲစင်တဲ့ ရွှေမင်းသား စစ်ဗိုလ်ချုပ်တွေက ညင်းပယ်နေတာလားလို့ မေးခွန်းထုတ်လိုပါတယ်။ ဦးသုဝေလို ရှေ့မှီ နောက်မှီ ထိပ်တန်းခေါင်းဆောင်တစ်ဦးက စစ်ဗိုလ်ချုပ်တွေရဲ့ သဘောသဘာဝကို အချိန်ကိုက် မေ့လျော့သွားတာကို အံ့သြမိပါတယ်။ တိုက်ပွဲမစခင်ပင် ကျုပ်တို့ခေါင်းဆောင်များ ရန်သူပျောက်နေပါပြီ။ ရွေးကောက်ပွဲတောင် မရောက်သေးဘူး မီးလျှံကို ရွှေတောင်မှတ်၊ သားမက်ကို သူခိုးထင်နဲ့ အခုလို ရုတ်ပျက်ဆင်းပျက် ဖြစ်နေကြပုံမျိုးနှင့်ဆိုရင် ရွေးကောက်ပွဲရောက်ရင်တော့ မတွေးဝံ့စရာတွေ ဖြစ်လာနေမလားလို့ စိုးရိမ်မိပါတယ်။
အသတ်ခံ၊ အထုခံပြီး လူထုအတွက် စဉ်ဆက်မပြတ် အနစ်နာခံ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေကိုမှ မတိုက်ခိုက်ခဲ့ပါဘူး။ လူထုကို ဖွတ်ကြောပြာစု၊ ခရုဆံကျွတ်၊ ထမင်းရက်ချန်၊ ရေရက်မှန်ဖြစ်အောင် နှိပ်စက်ပြီး ကြိကြိတက်ချမ်းသာသွားသူကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါဘူး။
ဒီမိုကရေစီတိုက်ပွဲမှာ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ဖေါ်တိုက်ဖက် မဟာမိတ်အဖြစ် မြင်သင့်ကြပါတယ်။ ရန်ဖက်အဖြစ် မမြင်သင့်ကြပါဘူး။ ရွေးကောက်ပွဲ ၀င်ဝင်၊ မ၀င်ဝင်၊ နိုင်နိုင်၊ မနိုင်နိုင် စစ်အာဏာရှင် မပြုတ်ကျသွားပါဘူး။ ဦးသုဝေအပါအ၀င် ပါတီအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်လုပ်သူများသည် စစ်အာဏာရှင် ထာဝရ ချုပ်ငြိမ်းရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော လူထုတစ်ရပ်လုံး ပါဝင်သည့် အမျိုးသားနိုင်ငံရေး လမ်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ငန်းစဉ်အဆင့်တိုင်းမှာ အစီအစဉ်ရှိရှိ သတိထား လမ်းဖွင့်ထားပေးဖို့ သမိုင်းပေးတာဝန် ကိုယ်စီ ရှိကြပါတယ်။
စစ်တပ်က နိုင်ငံရေးနယ်ပယ်က စနစ်တကျ ဆုတ်ခွါပေးဖို့ ရွေးကောက်ပွဲ လုပ်ပေးတာလို့ ဦးသုဝေကဘဲ ဆိုပြန်ပါတယ်။ စစ်တပ်ကို စိတ်နှင့်တောင် မပစ်မှားနဲ့ဆိုပြီး ပဒုမ္မာကွင်းမှာ ကျည်ကာအင်္ကျီဝတ် အသံဗြဲကြီးနဲ့အော်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ကြီးကို ပြေးသတိရလိုက်မိပါတယ်။ ဗိုလ်ချုပ်တွေက အင်္ဂုလိမာလလို အကျွတ်တရားရပြီး နိုင်ငံရေးနယ်ပယ်က စနစ်တကျ ဆုတ်ခွါဖို့အတွက် ရွေးကောက်ပွဲ လုပ်ပေးတယ်တယ်ဆိုတဲ့ ဦးသုဝေရဲ့ အမြင်အရဆိုရင် အထုခံ လူထုကဘဲ ဗိုလ်ချုပ်တွေကို သံဃာစင်ပေါ်တင်ပြီး ထိုင်ရှိခိုးပေးရမလို ဖြစ်နေပါတယ်။ အနှစ်နှစ်ဆယ်လုံးလုံး လူထုကို စိတ်ရှိတိုင်း နှိပ်စက်နေတဲ့ ဗိုလ်ချုပ်တွေကို အကျွတ်တရားရသွားတဲ့ သူတော်စင်တွေအဖြစ် အခြေအမြစ်မဲ့ အတင်းကာရော ပုံဖေါ်မှုမျိုးက ရုတ်ပျက် ဆင်းပျက်နိုင်လှပါတယ်။ တစ်ကယ် အကျွတ်တရားရသွားတဲ့ပုံ၊ လူထုပေါ် စေတနာထားလာပုံမျိုးကို ဗိုလ်ချုပ်တစ်ယောက်လောက်မှာတောင် ရှားရှားပါးပါး တွေ့မိပါသလားလို့ မေးလိုပါတယ်။ လက်ငင်းတွေ့နေရတာကတော့ ၂၅ရာခိုင်နှုံး အမည်တပ်ပြီး ရှိသမျှအာဏာကို သိမ်းကြုံးယူထားရုံနှင့်တင် လောဘမသတ်နိုင်သေးဘဲ လူထုခွဲတမ်း ၇၅ရာခိုင်နှုံးထဲ အတင်းဝင်နှိုက်ဖို့ အရှိန်အ၀ါသုံး အရှက်မရှိ မျက်နှာပြောင်တိုက် မဲဆွယ်နေတာသာ ဖြစ်ပါတယ်။ လွှတ်တော်တစ်ခုလုံးကို စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်တွေသာ၊ အလုံးအရင်းနဲ့ လွှမ်းမိုးချုပ်ကိုင်ပြီး လူထုကို ဆက်နှိပ်စက်၊ အောင်သေ အောင်သားစားဖို့ စစ်ဗိုလ်တွေ သူရဲ မင်းရဲ ကြိုးစားနေတာကို ဆရာဦးသုဝေ မမြင်မိပေဘူးလား။ စစ်ဗိုလ်တွေကို ပစ်ဖါးတဲ့ ဒီလိုပြောလုံးမျိုးကို လူထုက သိပ်သတိထားတတ်တာမို့ ခေါင်းဆောင်လုပ်သူများ ဆင်ခြင်သင့်ကြပါတယ်။
အောင်ထီ
မတ်လ (၂၁)၊ ၂၀၁၀
(မည်သူမဆို ကူးယူဖေါ်ပြနိုင်ပါသည်။)

No comments:

Post a Comment