Friday, February 26, 2010

2010




၂၀၁၀ ရွေးကောက်ပွဲဟု ဆိုသည့်အသံ စထွက်လာကတည်းက ထွက်ပေါ်လာသည့် အသံဗလံတွေ အမျိုးမျိုးကြားနေရသည်။ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနှင့် တည့်ပါ့မလားဟုဆိုသူတွေ၊ အခွင့်အရေးလေးပေးတုန်း ဘယ်လောက်ပဲရရ ရသလောက်တော့ ဘာပဲဖြစ်ဖြစ် ဝင်ယူထားမယ် ဆိုသူတွေ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ပေမဲ့ အနိုင်မရခဲ့လို့ ဒီတခေါက်တော့ ရလိုရငြား ဝင်နွှဲချင်သူတွေ၊ ဘာမှမရှိတာထက်စာရင် ရှိတာကကောင်းတာပေါ့လို့ အရှက်ပြေ မျက်နှာပြောင်တိုက်သူတွေ၊ စားကျွင်းစားကျန်ထဲက အရိုးအရင်းလေးဘဲ ကိုက်ရ ကိုက်ရ ဆိုသူတွေ စသဖြင့် …. စသဖြင့် မျိုးစုံကြားနေရသည်။

၁၉၉၀ ခုနှစ်တွင် ကျင်းပပြုလုပ်ပေးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးသည် တကယ့်လွတ်လပ် သန့်ရှင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲကြီးတခုအဖြစ် မဟုတ်သည့်တိုင် တစုံတခုထိ အထိုက်အလျှောက်တော့ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့သည်ဟု ဆိုနိုင်သည်။
ယခုကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလကလောက်ပင် လွတ်လပ်ပြီး တရားမျှတမှုရှိနိုင်မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲသည် နအဖ စစ်အာဏာရှင်တို့၏ ရာသက်ပန် အာဏာချုပ်ကိုင်ထားနိုင်ရေးအတွက် ရည်ရွယ်ထားသော လမ်းပြမြေပုံအတိုင်း သွားနေသော အဆင့်တဆင့်ဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ထည့်သွင်းရေးဆွဲရန်၊ ပယ်ဖျက်ပေးရန် အကြံပြု တင်ပြမှုကို မှန်သမျှကို ငြင်းဆန်၍ လက်မခံဘဲ သူတို့ဘာသာရွေးချယ်ထားသော ကိုယ်စားလှယ်ဆိုသူများနှင့် သူတို့အလိုကျအတိုင်း ရေးဆွဲထားကာ လိမ်ညာမှုပေါင်းစုံဖြင့် အတင်းအဓမ္မ အတည်ပြုခဲ့သော၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အခိုင်အမာ ပြဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက်ပြီး အုပ်ချုပ်မင်းလုပ်ဖို့ ကြံစည်ထားသော အတုအယောင် ပြုလုပ်ပေးဦးမည့် ရွေးကောက်ပွဲကြီးဖြစ်သည်။

နအဖ စစ်အာဏာရှင်တွေအနေနှင့်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီးတုန်းကလို ရလဒ်အဖြေမျိုး နောက်တကြိမ် ထပ်အဖြစ်ခံတော့မည်မဟုတ်ပေ။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာခဲ့ကာ ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုတော့ ပါတီပေါင်း နှစ်ရာကျော်လောက် မှတ်ပုံတင်ကြသည်၊ အမှန်တကယ် အင်အားရှိသည့် ပါတီအဖွဲ့အစည်းများရှိသလို၊ ဘာအင်အားမှမရှိဘဲ တစုံတရာ မျှော်လင့်ချက်၊ အခွင့်အရေးစသည့် အကြောင်းအမျိုးမျိုးနှင့် မှတ်ပုံတင်ကြသည့် ပါတီအဖွဲ့အစည်းများလဲ ရှိကြသည်။

တကယ့်ရွေးကောက်ပွဲရောက်တော့ မှတ်ပုံတင်ကြသည့် ပါတီအဖွဲ့အစည်းတိုင်း ဝင်မပြိုင်နိုင်၊ ဒါတောင် ပါတီပေါင်း (၉၃)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြသေးသည်။ အဲဒီအချိန်က နိုင်ငံတော်အကြီးအကဲဆိုသူ၊ ယခု သွားရှာလေသူ ဗိုလ်စောမောင်က ရွေးကောက်ပွဲပြီးလျှင် အနိုင်ရသူကို အာဏာလွှဲပေးမည်၊ စစ်တပ်ကတော့ စစ်တန်းလျားကိုပြန်မည်လို့ သူတို့ဘက်က အပိုင်တွက်ချက် ခန့်မှန်းထားသော ရွေးကောက်ပွဲအဖြေရလာဒ် အတိုင်းထွက်လာမည်ဟု ယူဆကာ ပြောဆိုခဲ့သည်။

တကယ့် တကယ်တမ်း ရွေးကောက်ပွဲရလဒ်တွေ ထွက်လာတော့ သူတို့ထင်သလိုဖြစ်မလာ၍ ဟိုအကြောင်းပြ ဒီအကြောင်းပြကာ ရူးချင်ယောင်ဆောင်လိုက်သည်။ သူတို့တွက်ထားသည်က ဒီမိုကရေစီအင်အားစုများက ပါတီပေါင်း (၈၀)ကျော် (၉၀)နီးပါးလောက် ဝင်ပြိုင်ကြတော့ ဘယ်နည်းနှင့်မဆို ပါတီတခုထဲက အပြတ်အသတ် မနိုင် နိုင်။ ဒီမိုကရေစီ အင်အားစုထဲတွင် မဲတွေကပြန့်သွားပြီး သူတို့၏ အမာခံဒေါက်တိုင်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီကပင် မဲဆန္ဒနယ် အများအပြားမှာ နိုင်မည်ဟု တွက်ထားကြသည်။

သူတို့၏ အမာခံဒေါက်တိုင်ပါတီ ဖြစ်သည့် တစည ပါတီ၏ စည်းရုံးရေးမှူးတွေ အစီရင်ခံ တင်ပြမှုတွေအရ မဲဆန္ဒနယ်မြေတိုင်းတွင် ရှိထားသည့် အမာခံအင်အားများ၊ နည်းမျိုးစုံဖြင့် စည်းရုံးထားသည့် ထောက်ခံလိုလားသူများ၏ အင်အားဖြင့် သူတို့အနေနှင့် အနည်းဆုံး မဲဆန္ဒနယ်မြေအားလုံး၏ ထက်ဝက်ကျော်လောက် သို့မဟုတ် (၇၅)ရာခိုင်နှုန်းကျော် အနိုင်ရမည်ဟု ကျိန်းသေပေါက် တွက်ထား ယုံကြည်ထားကြသည်။

ဒီမိုကရေစီအင်အားစုများမှ ဝင်ပြိုင်ကြသည့်ပါတီအရေအတွက်မှာ များလွန်း၍ ဟိုပါတီက နည်းနည်း ဒီပါတီက နည်းနည်း စသဖြင့် မဲတွေပြန့်သွားမည်၊ တစည ပါတီက (၇၅) ရာခိုင်နှုန်းမကျော်လဲ၊ အနိမ့်ဆုံးအဆင့် ထက်ဝက်ကျော်လောက်နိုင်ကာ ဦးဆောင်ပြီး ပါတီပေါင်းစုံ ညွန့်ပေါင်းအစိုးရပုံစုံမျိုး စိတ်ကြိုက်ချယ်လှယ်ကာ ဖွဲ့နိုင်သည်ဟု အပိုင်တွက်ထား၍ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်မြေ အားလုံး၏ (၈၀) ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရလိုက်သည့်အခါ၊ တကယ်တမ်း ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်အဖြေကြောင့် သူတို့အံ့အားသင့်ကာ အကြောင်းအမျိုးမျိုးပြ၍ ဗြောင်ပင် မျက်နှာပြောင်တိုက်ကာ အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့်အတွက် ပြည်သူလူထု၏ ချစ်ခင်လေးစားမှု၊ ထောက်ခံမှုများကို တခဲနက်ရခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု အရည်အချင်းနှင့် အဖွဲ့ချုပ်သည် လူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြု ပါဝင်နိုင်အောင်ဖွဲ့စည်းနိုင်ခဲ့ပြီး အင်အားတောင့်တင်းသော နိုင်ငံရေးပါတီဖြစ်လာ၍့် လူတန်းစားအလွှာစုံ ပြည်သူလူထု၏ ထောက်ခံမှု၊ အဖွဲ့ချုပ်လူငယ်များနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ တက်ကြွစွာ စည်းရုံးလှုပ်ရှားနိုင်မှု၊ ကျောင်းသားသမဂ္ဂများ၊ အဖွဲ့များ၏ ထောက်ခံမှု၊ ပြည်သူလူထုအကြား စည်းရုံးရေးဆင်းကာ ပူးပေါင်းပါဝင် ကူညီပေးမှုတို့ကြောင့် ထင်မှတ်မထားသည့် ရွေးကောက်ပွဲ ရလာဒ်အဖြေထွက်လာခြင်း ဖြစ်သည်။

သူတို့ဘက်ကတွက်ထားသည်ကလဲ မမှားပါ မဲဆန္ဒနယ်မြေတိုင်းတွင် တစည ပါတီက ဒုတိယ မဲအများဆုံးအဖြစ်ရထားသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အကြောင်းအမျိုးမျိုးကြောင့် စည်းရုံးရေးမလုပ်ဆောင်နိုင်ခဲ့သည့် နယ်မြေများတွင် သူတို့ တစညပါတီက အနိုင်ရရှိခဲ့ကြသည်။ အဖွဲ့ချုပ်က ဝင်ရောက်ရွေးချယ်မခံသည့် မဲဆန္ဒနယ်မြေများ၊ ပယ်ဖျက်ခံရသော နယ်မြေများတွင် အဖွဲ့ချုပ်လူငယ်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက မိမိတို့ ဒီမိုကရေစီအင်အားစုမှ အနိုင်ရရန် ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ခဲ့၍ အချို့မဲဆန္ဒနယ်မြေများတွင် ဒီမိုကရေစီအင်အားစုများ အနိုင်ရခဲ့၍ သူတို့ထင်သလို ဖြစ်မလာဖြင်းဖြစ်သည်။

ယခုတခါ ၂၀၁၀ ရွေးကောက်ပွဲတွင် ၁၉၉၀ ခုနှစ် တုန်းကလောက် တစုံတရာအထိ အခွင့်အရေးပေးတော့မည် မဟုတ်ပေ၊ သူတို့လိုချင်သည့် အဖြေ ရလာဒ်အတိုင်း ထွက်ပေါ်လာအောင်သာ အတင်းအဓမ္မ လုပ်ဆောင်တော့မည်ဖြစ်သည်။ မကြာသေးခင် ကာလတုန်းကလည်းပဲ သူတို့စိတ်တိုင်းကျ ဖန်တီးရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နည်းမျိုးစုံဖြင့် ကန့်ကွက်ဆန့်ကျင်မှုတွေကြားထဲက ဆန္ဒခံယူပွဲလုပ် ဗြောင်ပင်လိမ်ညာ၍ အတင်းအတည်ပြုသွားခဲ့သည့်။
စစ်တပ်က ရွေးကောက်ပွဲ ဝင်စရာ ရွေးချယ်စရာမလိုဘဲ (၂၅)ရာခိုင်နှုန်းကို ဗိုလ်ကျ လူပါးဝကာ အလိုအလျှောက်ယူထားပြီး ဖြစ်ကာ နောက်ထပ် ရာခိုင်နှုန်းတော်တော်များများကို နည်းမျိုးစုံသုံး၍ မရ ရအောင်ယူဖို့ အခုထဲက ကြိုတင်ပြင်ထားပြီဖြစ်သည်။ စစ်အာဏာရှင် ရာသက်ပန် သက်ဆိုးရှည်နိုင်မည့်၊ ပဒေသရာဇ်ဆန်ဆန် အုပ်ချုပ်နိုင်မည့်၊ ပြန်ပြင်လို့မရအောင် ၎င်းတို့အလိုကျ ညစ်ပတ်လုပ်ယူရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အတင်းအဓမ္မ ဆက်အုပ်ချုပ်သွားမည်ဖြစ်သည်။

သေချာသည်ကတော့ နှစ်ရှည်လများ အခွင့်ထူးခံစားခဲ့သည့် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်အာဏာ စသည့် အကျိုးစီးပွါးများကို လွယ်လွယ်ကူကူဖြင့် လက်လွှတ်ခံမည်မဟုတ်ပေ။ အမိန့်ပေး စေခိုင်းလျှင် ခိုင်းသည့်အတိုင်း လုပ်မည့် စစ်တပ်၊ ရဲ စသည့်လက်နက်ကိုင်များအဖွဲ့များ၊ ကိုယ်ကျိုးစီးပွါး အခွင့်အရေး အနည်းငယ်မျှလောက်ကိုပင် မျှော်ကိုး၍ မျက်နှာလို မျက်နှာရလုပ် သခင်အားရအောင် ကျွန်ပါးဝပြကြသည့် ကြံ့ဖွံ့၊ စွမ်းအားရှင် စသည့် လက်ကိုင်ဒုတ်များ အင်အားကောင်း ကြီးစိုးနေသ၍ အမှန်တရားကို မျက်ကွယ်ပြုနေသ၍ စစ်အာဏာရှင်တို့ မြန်မာနိုင်ငံတွင် သက်ဆိုးရှည်နေဦးမည်သာ ဖြစ်သည်။

တိုင်းပြည် တပြည်၊ နိုင်ငံ တနိုင်ငံ တွင် နေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးကြရမည်သာဖြစ်သည်။ မတရားဖိနှိပ်မှုများကို ခေါင်းငုံ့ခံနေသမျှ၊ စိုးရိမ်ကြောက်ရွံ ထိတ်လန့်နေသမျှ မတရားဖိနှိပ် အုပ်ချုပ်မည့်သူတို့၏ အနိုင်ကျင့်မှုဒဏ်ကို ခံနေရဦးမည်ဖြစ်သည်။ မိမိတို့ လိုချင်သည့် အခွင့်အရေး၊ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်တို့ အတွက် မိမိတို့ကိုယ်တိုင်သာ ရအောင်ဖန်တီး လုပ်ဆောင်ကြရပေမည်။ ရာသက်ပန် စစ်ကျွန်ဘဝသို့ အရောက်ခံရမည့် အခြေအနေမှ နည်းမျိုးစုံဖြင့် ရုန်းထွက် ဆန့်ကျင်တိုက်ပွဲဝင်ရန် မှတပါး တခြားမရှိတော့ပြီ ဖြစ်သည်။

မိုးရနံ့

No comments:

Post a Comment