Wednesday, November 16, 2011

ကြိုဆိုပါသည်… ကျေးဇူးတင်ပါသည် ….. သို့သော် … မကူညီချင်နေပါ မနှောက်ယှက်ပါနှင့်…




ဝေဖန်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။ ဝေဖန်မှုတွေ ရှိမှသာလျှင် ပြန်လည်၍ သုံးသပ်ဆင်ခြင်မှု … သတိထား ဂရုပြုမှုတွေ ရှိလာမည်ဖြစ်သည်။ အချို့က ဝေဖန်မှုလို့ ခေါင်းစဉ်လှလှ တပ်ကြသည် … ဘက်ပေါင်းစုံမှ မမြင်ကြည့်ဘဲ ကိုယ့်အမြင်တခုထဲဖြင့် ပြောကြ ဆိုကြ ရေးကြ အပြစ်ပြောကြသည်။ အချို့ကိစ္စရပ်များမှာ ဝေဖန်ရတာ လွယ်ကူသလောက် ကိုယ်တိုင်လုပ်ကြည့်မှ ခက်ခဲမှန်း သိလာ မြင်လာ ကြုံတွေ့ရတတ်သည်။

အချို့က သူများလုပ်တာ ထိုင်ကြည့်သည် …. ပြီးလျှင် ထိုသူလုပ်သမျှ အားနည်းချက် …. အပြစ်ကို ရှာဖွေပြီးပြောသည် … ဝါသနာဖြစ်မည် … ကိုယ်တိုင်တော့ ဝင်လုပ်ကြည့်ဖို့ မေ့လျော့နေတတ်သည်။ အချို့က အဲဒီိလို ဝေဖန်လိုက်လျှင် လူသိများလာမည် … အထင်ကြီးကြမည်ဟု ဥာဏ်မှီသလောက် အတွေးဖြင့် စတန့်ထွင်၏ ။ အချို့က အိပ်ပျော်နေရာမှ ပွဲဆူသံကြား၍ လန့်နိုးကာ … သူလဲပါမှန်း ရှိမှန်းသိအောင် အိပ်မှုန်စုန်မွားထလာပြီး ဘုမသိ ဘမသိ (ဘာမှမသိ) ဝင်ပြော၏။ ကျေးဇူးတင်ပါသည် … မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား ရှိကြခြင်းအတွက်။ သို့သော် … မကူညီချင် မလုပ်ချင်နေပါ မနှောက်ယှက်ပါနှင့်ဟု ပြောလိုသည်။ မျှတစွာ ဘက်ပေါင်းစုံမှ ရှုမြင်ဆင်ခြင်သုံးသပ် အကျိုးအကြောင်း ခိုင်လုံစွာ ထောက်ပြဝေဖန်ခြင်းဖြင့် … မည်သည့် အကြောင်းအရာ ကိစ္စမျိုးကိုမဆို … အကျိုးရှိစွာ ပြုလုပ်ကြစေချင်ပါသည်။

ယခုတလော မြင်ရ တွေ့ရ ကြားရ ဖတ်ရသမျှတွေထဲမှာ မြန်မာနိုင်ငံ၏ လက်တလော နိုင်ငံရေးအခြေအနေများ အပေါ် ရှုထောင့်ပေါင်းစုံမှ ရှုမြင်သုံးသပ်မှု အမျိုးမျိုးတွေ့နေရသည်။ လူတဦးတယောက်ထဲတွင်ပင် တခါတရံ အမြင်ဝိဝါဒကွဲပြားမှု ဖြစ်တတ်သဖြင့် … လူအများစုတွင် အမြင်အမျိုးမျိုး မတူကွဲပြားမှု ရှိနေမည်ဖြစ်သည်။ ထိုသို့ အမြင်အမျိုးမျိုးဖြင့် ပြောကြ ဆိုကြ ဆွေးနွေးကြ ရေးကြရာ အချို့က အသိဥာဏ်ဖြင့် ဆင်ခြင်ထိန်းသိမ်းရင်း မျှတစွာ ကိုယ့်အယူအဆကို ပြောကြဆိုကြ ဆွေးနွေးကြသည် … အချို့ကတော့ စည်းလွတ် ဘောင်လွတ် မျက်စိစုံမှိတ် ငြင်းခုန်မှုတွေလုပ်ပြီး ငါကသာအမှန် ငါသာလျှင် တော်သူ တတ်သူ သိသူ … ငါနှင့်အယူအဆမတူသူ ငါ့ရန်သူဟု ဖြစ်လာတော့သည်။

တချို့အကြောင်းအရာတို့သည် လက်တလော ….. မှန်ကန်သည်ဟု ချက်ခြင်းဆုံးဖြတ်ရန် သက်သေပြရန် ခက်ခဲတတ်သည်။ … အချိန်ကာလ တခုကြမှသာ မှားသည် မှန်သည် ဆိုးသည် ကောင်းသည်ဟု ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ သို့သော် အချို့ကား စိတ်ရှည်သည်းခံနိုင်မှု၊ အားမလို အားမရဖြစ်မှု …. ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲစွာဖြင့် မိမိအတ္တကိုသာ ရှေ့တန်းတင်လာသောအခါ ပြောမိ .. ပြောရာ .. ပြောကြ .. ရေးကြတော့သည် … ရင့်သီးလာကြတော့သည် … ထိုမှတဆင့်တက်ပြီး … စော်ကားလာကြတော့သည်။

အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ … အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘာတွေလုပ်ခဲ့လို့လဲ … ဘာလုပ်နိုင်လို့လဲ … ဘာမှအသုံးမကျဘူး … ဘာဦးဆောင်မှုမှမလုပ်နိုင်ဘူးဟု … ဘာ .. ခြင်းထပ်ကာ …. ဒေါ်စုရှိနေလို့ မရှိရင် သွားတာကြာပြီ … အခုလည်း အညံ့ခံသွားပြီ ဒူးထောက်နေပြီ … စသဖြင့် ပြောဆိုကြသည်။ နောက်တခါ …. ဒေါ်အောင်ဆန်းစုကြည် (ရင့်သီး ရိုင်းစိုင်းစွာပင် ခေါ်ဝေါ် သုံးနှုန်း ကြသူရှိသေးသည်) ကရော ဘာတွေလုပ်ခဲ့လို့လဲ … ဘာလုပ်နိုင်လို့လဲ … သူထင်ရာ သူလုပ်နေတယ် … အလကားပါကွာ ဟုပြောကြ၏ ။

ဆန့်ကျင်ဖက်များမှ ထိုကဲ့သို့ ပြောဆိုနေမှုများကို အံသြနေစရာ အကြောင်းမရှိသော်လည်း …… ဒီမိုကရေစီရေးလှုပ်ရှားသူ လေ့လာသူ စိတ်ဝင်စားသူ လိုလားသူဟု ဆိုကြသူအချို့မှ ပြောကြ ဆိုကြ ရေးကြသောအခါ …. အံသြမိပါသည်။ အချို့ဆိုလျှင် … တချိန်တုန်းကတော့ သူတို့လောက် ထောက်ခံ … လေးစား … ပံ့ပိုးဝိုင်းရံကြတဲ့သူ မရှိဟုပင် ထင်ရအောင် ထုတ်ဖေါ် … ရင်ကော့ ကြွေးကြော်ခဲ့ကြဖူးသည်။ အမြဲ ထောက်ခံနေရမှာလား မှန်မှထောက်ခံမှာပေါ့ … မှားရင် မှားသလို ဝေဖန်ရမှာပဲဟု …. အခုမှားနေုသယောင် သူ့ဘာသာဆုံးဖြတ်ပြီး …. သူ့လောက် အမှန်တရားပေါ် လေးစားလိုက်နာမည့်သူ သိမြင်တဲ့သူ မရှိသလို ပြန်ပြောလိုက်သေးသည်။

အိပ်ချင်ယောင်ဆောင်နေသူကို နိုးဖို့ခက်သလို … မသိချင်ယောင်ဆောင်သူကို ရှင်းပြဖို့ခက်သည်။ ရှင်းပြလျှင်လည်း အချိန်ကုန်ခြင်းသာ အဖတ်တင်မည်။ သို့ပေမဲ့ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် … အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ကြမည့်သူ များစွာလိုအပ်ပါသည်။ သူ့ထက်ငါ အပြိုင်အဆိုင် စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်သည့် ခေါင်းဆောင် သူရဲကောင်း အာဇာနည်များ အလိုရှိနေပါသည်။ အရည်အချင်း ပြည့်မှီမှုရှိမရှိ အဆုံးအဖြတ်ပေးမည့် ပြည်သူလူထုနှင့် မှတ်ကျောက်တင်ပေးမည့် အခင်းအကျင်း၊ လက်တွေ့ ထုတ်ဖေါ်ပြသနိုင်သည့် နေရာလည်း အဆင်သင့်ပင်။ ကိုယ့်သမိုင်း … ကိုယ်ကိုတိုင်ရေးကြသလို …. အများက ကောင်းသည် ဆိုးသည်ကို မှတ်တမ်းတင် ဆုံးဖြတ်ပေးပါလိမ့်မည် …. လက်တွေ့ လုပ်ဆောင်ပြဖို့သာ လိုပါသည်။

လူထုခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟု ….. ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု လမ်းညွှန်ဦးဆောင်မှုကို ယုံကြည်စွာ လက်ခံနေကြသူများသည်။ …. အမေ … အမေစု ဟု အများက … ရင်ထဲက တကယ့်ကို လှိုက်လှဲစွာ ချစ်ခင်လေးစားကြည်ညိုစွာ ခေါ်နေကြသူများသည်။ … သွားလေရာ မြင်သူ တွေ့သူ သိသူတိုင်းက ချစ်ခင်လေးစားကြခြင်းသည်။ …. ဘာတခုမှ မလုပ်ခဲ့ဘဲ ဘာအရည်အချင်းမှမရှိဘဲ ဖြစ်လာနိုင်စရာ …. ခေါ်ဝေါ်ကြမှာတော့ မဟုတ်ပေ … အကြောင်းတစုံတရာရှိပါလိမ့်မည် …. ဘာကြောင့် ဆိုတဲ့အကြောင်းကို ထိုသူတွေက ပြောပြကြပါလိမ့်မည် နားထောင်ကြည့်ရန် လေ့လာဖို့ရန်သာ လိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ မွေးဖွါးပေးလိုက်သော …. လူထုလူတန်းစားပေါင်းစုံ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဖြင့် စုစည်း၍ ဖွဲ့စည်းတည်ထောင်လိုက်သော အဖွဲ့ချုပ်ကြီးတခု တနည်းအားဖြင့် လူထုအရေးတော်ပုံ ပါတီတရပ်ဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ကြသော ကျောင်းသား လူငယ်အများဆုံး ပါဝင်လှုပ်ရှားခဲ့ကြသည့် နိုင်ငံရေးပါတီကြီး တခုလည်းဖြစ်သည်။ အဖွဲ့ချုပ်ဝင်များသည် နိုင်ငံရေးသမားများဟု ဆိုသည်ထက် ... ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနေကြသည့် ခေတ်ကာလ သမိုင်းပေးတာဝန်ကို …. ယုံယုံကြည်ကြည် ကျေကျေနပ်နပ် တာဝန်သိစွာဖြင့် ပခုံးပေါ်ထမ်းရွက် သယ်ပိုးကြသည့် ပြည်သူလူထုထဲမှ ပြည်သူများပင် ဖြစ်သည်။

စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ အာဏာပိုင်တို့၏ နည်းမျိုးစုံ ဖိနှိပ် ချုပ်ချယ် ကန့်သတ် ဖမ်းဆီး ညှင်းပမ်း နှိပ်စက် ဖြိုခွဲမှုအမျိုးမျိုးကို ကြံကြံခံ ရင်ဆိုင်ရပ်တည် ကျော်ဖြတ်ခဲ့ရပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်ခံ ဆောင်ရွက်ခဲ့ကြသည်။ အသက် သွေး ချွေး ဘဝတွေ အမျိုးမျိုး ပေးဆပ်ခဲ့ကြသည်။ … မိမိပါတီ အာဏာရရှိရေး အကျိုးစီးပွါးအတွက် မကြည့်ဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို ရှေ့ရှုပြီး ဆောင်ရွက်ခဲ့ကြသည် … ဆောင်ရွက်နေဆဲလည်း ဖြစ်သည် … ဆက်၍လည်း ဆောင်ရွက်နေဦးမည်ဖြစ်သည်။ အရေးတော်ပုံကြီးမှ မွေးဖွါးခဲ့သည့် နိုင်ငံရေးပါတီတရပ် ဖြစ်သည်နှင့်အညီ … ပြည်သူလူထုက … နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို မဆောင်ရွက်နိုင် … မလိုအပ်တော့ဟု ထင်မြင်ယူဆသည့်အချိန်တွင် ဖျက်သိမ်းပေးဖို့ ဝန်မလေးကြောင်း တရားဝင်ပြောခဲ့ပြီးလည်းဖြစ်သည်။

အနှစ်နှစ်ဆယ်ကျော် အာဏာရှင်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် …. နည်းမျိုးစုံဖြင့် ပေါ်ပေါက်လှုပ်ရှားခဲ့ကြသော လှုပ်ရှားမှုတိုင်း၌ အဖွဲ့ချုပ်အဖွဲ့ဝင်များ ပါဝင်လှုပ်ရှားကြစမြဲဖြစ်သည် …. ထိုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့ကြသူများ၊ ကြုံတွေ့ခဲ့သူများနှင့် မှတ်တမ်း အထောက်အထားများက ယခုရော နောင်တချိန်တွင်ပါ သက်သေခံကြပါလိမ့်မည်။ အာဏာပိုင်များမှ အဖွဲ့ချုပ်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များအပေါ် အမြဲတစေ အဓိကပစ်မှတ်ထား၍ အချိန်ကုန်ခံစောင့်ကြည့် ဖိနှိပ်ခဲ့မှုများသည်လည်း အကြောင်းမဲ့သက်သက်ဖြင့်တော့ မဟုတ်မှန်း အသိဥာဏ်ဖြင့် စဉ်းစား နားလည်ကြည့်၍ ရပေလိမ့်မည်။

အများအကျိုးအတွက် ….. ယုံကြည်ချက်အတွက် …. အာဏာပိုင်တို့၏ နည်းမျိုးစုံ ဖိနှိပ် ဖမ်းဆီး ညှင်းပမ်း နှိပ်စက်မှုများ အောက်တွင် အချိန်မရွေး တခုခု ပေးဆပ်ရမည်ကို သိရက်နှင့်ပင် …. အသက် သွေး ချွေး ဘဝတွေကို ရင်းနှီး၍ ကျေနပ်စွာ ပေးဆပ်စွန့်လွှတ်ခဲ့သူများသည် … ငါတို့ပေးဆပ်စွန့်လွှတ်နေသည်ဟု အများသိအောင် ထုတ်ဖေါ် မပြောဆိုလိုကြပေ ။ အများက အထင်ကြီးအောင်လည်း လုပ်ချင်သည့် ဆန္ဒလည်းမရှိကြ။ … နောင်တချိန်အတွက် ကိုယ်ကျိုးတစုံတရာကို မျှော်မှန်းပြီးလည်း မလုပ်လိုကြပေ။

သူများကို ဘာလုပ်ခဲ့သလဲ … ဘာလုပ်နေသလဲ ဟု မေးနေသောသူသည် … မိမိအား … မင်းကရော ဘာလုပ်ခဲ့သလဲ … ဘာလုပ်နေသလဲဟု ပြန်မေးလာခဲ့လျှင် ပြန်ဖြေနိုင်ဖို့အတွက် အဖြေရှိဖို့လိုပါသည်။ သူများကို လက်ညှိုးထိုးလျှင် ကိုယ့်ကိုပြန်ထိုးလာမည့် လက်ညှိုးတွေအတွက် ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်တော့ ရှိစေချင်သည်။

(ဘာလုပ်ခဲ့လဲလို့ စိန်ခေါ်ဝံ့ကြသူ …. မည်သူကိုမဆို တိုက်ရိုက်ရည်ရွယ်ပါသည်)

သိန်းထိုက်အောင်



No comments:

Post a Comment