Saturday, June 13, 2009

လူထုခေါင်းဆောင်နှင့် နိုင်ငံတော်အားနှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် ဥပဒေ

စောကျော်ကျော်မင်း ရေးသည့်ဆောင်းပါးကို (http://www.yoma3.org မှပြန်လည်၍ ကူးယူဖေါ်ပြပါသည်)






ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ လွတ်လပ်ရေးဖခင်ကြီး၊ ပြည်သူ့တပ်မတော်ကို စတင် တည်ထောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ သမီးရတနာဖြစ်သည်ကို မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိရှိကြပေသည်။ ၁၉၈၈ ခုနှစ် နိုင်ငံလုံးဆိုင်ရာ အုံကြွမှုကြီးနောက်ပိုင်း ပေါ်ထွက်လာသော ခေါင်းဆောင်များအနက် ပြည်သူလူထု၏ တခဲနက် ထောက်ခံအားပေး၊ ယုံကြည်ကိုးစားခြင်းခံရသော တစ်ဦးတည်းသော အမျိုးသားခေါင်းဆောင်တစ်ယောက် ဖြစ်သည်ဟု တင်စားမည်ဆိုပါကလည်း လွန်အံ့ထင်မည်မဟုတ်ပါ။

ထိုကဲ့သို့သော လူထုခေါင်းဆောင်တစ်ဦးသည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြင့် လူမှုလူ့အခွင့်အရေးများကို အကြိမ်ကြိမ် တားဆီးပိတ်ပင် ခံခဲ့ရပေသည်။ ယခုနောက်ဆုံး ယင်းဥပဒေကိုပင် အသုံးပြုကာ တရားစီရင် ပြစ်ဒဏ်ပေးရန် စိုင်းပြင်းနေကြပြန်ပါသည်။

(၂)

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် (၃) အဖြစ် စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပေသည်။ နိုင်ငံသားတဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ဝန်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလအခွင့်အရေးတရပ်ရပ်ကို လိုအပ်သလို ကန့်သတ်မိန့် ချမှတ်နိုင်သည်ဟူ၍ ထိုဥပဒေ၏ ပုဒ်မ (၇) တွင် ပြဌာန်းထားပေသည်။

တနည်းဆိုရပါလျှင် ထိုဥပဒေသည် နိုင်ငံသားများ၏ လူ့အခွင့်အရေးများကို အုပ်ချုပ်သူများက တရားဝင် ချိုးဖောက်ခွင့်ရစေရန် ကာကွယ်ပေးထားခြင်းဖြစ်သည်။ ထိုဥပဒေကို မပြဌာန်းရသေးခင်က ၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂) ကို ပြဌာန်းခဲ့ပါသေးသည်။ ယင်းဥပဒေမှာ နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေပင်ဖြစ်သည်။

နိုင်ငံသားတိုင်းသည် အခြေခံဥပဒေပါ အခွင့်အရေးများကိုလည်းကောင်း၊ ရှိရင်းစွဲဥပဒေပါ အခွင့်အရေးများကိုလည်းကောင်း အပြည့်အဝ ရရှိစေရမည်ဟူ၍ ပြဌာန်းထားသည့်အပြင် နိုင်ငံသားတိုင်းသည် တရားဝင် ရရှိခံစားခွင့်ရှိသော အခွင့်အရေးများ ရရှိစေရန် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးရမည်ဟူ၍ ထိုပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂) တွင် ပြဌာန်းထားပေသည်။

ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၂) ကို ပြဌာန်းပြီးနောက်ပိုင်းတွင်မှ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် (၃) ကို ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ယင်းဥပဒေနှစ်ရပ်သည် ရှေ့ဆင့်နောက်ဆင့် ပြဌာန်းခဲ့ကြသည်မှန်သော်လည်း ပြဌာန်းရခြင်း၏ သဘောသဘာဝချင်း၊ ရည်ရွယ်ချက်ချင်း များစွာ ကွာခြားလေသည်။

(၃)

လူထုခေါင်းဆောင်ကို ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် (၃) အရ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်။ ထိုသို့ နေအိမ်အကျယ်ချုပ်ချမှတ်လိုက် သည့်အချိန်၊ ချုပ်နှောင်လိုက်သည့်အချိန်တွင် ဗဟိုအဖွဲ့သည် နိုင်ငံတော်အားထိပါးမည့် အန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းအတွက် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်ဟု ပုဒ်မ (၁၀) တွင် ပြဌာန်းထားပြီး ယင်းပုဒ်မ ၁၀(က) တွင် အရေးယူခြင်းခံရသူအား တကြိမ်လျှင် ရက်ပေါင်း ၆၀ ထက်မပိုစေဘဲ စုစုပေါင်း ရက် ၁၈၀ အထိ ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၁၀(ခ) တွင် အရေးယူခြင်းခံရသူအား တနှစ်အထိ တားဆီးမှုပြုလုပ်နိုင်ခြင်း ဟူ၍လည်းကောင်း ပြဌာန်းထားပါသည်။ဤဥပဒေအရ အရေးယူခြင်းကို (သို့မဟုတ်) စီရင်ပိုင်ခွင့်ကို ဝန်ကြီးအဖွဲ့သို့ ပေးအပ်ထားခြင်းပင် ဖြစ်သည်။ ထိုဝန်ကြီးအဖွဲ့သည် ၎င်း၏ကိုယ်စား အရေးယူဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးများက ဥက္ကဌအဖြစ်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော ဗဟိုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်စေသည်။

ထိုကဲ့သို့ ဗဟိုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်စေသည့်တိုင်အောင် စီရင်ပိုင်ခွင့်အာဏာသည် အုပ်ချုပ် ရေးအဖွဲ့၏ အာဏာစက်အောက်တွင်သာ ရှိနေကြောင်း ထင်ရှားပေသည်။ ထိုဗဟိုအဖွဲ့သည် ပုဒ်မ ၁၀(က) အရ ဖြစ်စေ၊ ပုဒ်မ ၁၀(ခ) အရဖြစ်စေ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသူ (သို့မဟုတ်) တားဆီးပိတ်ပင်ခြင်း ခံထားရသူတို့ကို ဆက်လက် ဖမ်းဆီးချုပ်နှောင် တားဆီးပိတ်ပင်ထားလိုပါလျှင် ဝန်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို တောင်းခံရယူနိုင်ပေသည်။

ဝန်ကြီးအဖွဲ့သည် ဗဟိုအဖွဲ့မှ ကြိုတင်ခွင့်ပြုချက်တောင်းခံလာပါက ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် ရက်ပေါင်း ၁၈၀ ထက်မပိုစေဘဲ စုစုပေါင်း ၃ နှစ်အထိ ခွင့်ပြုနိုင်လေသည်။ သို့ရာတွင် ဝန်ကြီးအဖွဲ့ (သို့မဟုတ်) ဗဟိုအဖွဲ့သည် ဖမ်းဆီးချုပ်နှောင်မိန့်၊ ကန့်သတ်တားဆီးမိန့်တို့ကို ရက်ပေါင်း ၆၀ လျှင် အနည်းဆုံး တကြိမ် ပြန်လည်သုံးသပ်နေရမည်ဖြစ်ပြီး ပြင်ဆင်သင့်က ပြင်ဆင်ကာ ပယ်ဖျက်သင့်က ပယ်ဖျက်ပစ်ရမည်ဟု ယင်းဥပဒေက အတိအလင်း ပြဌာန်းထားပေသည်။ ထို့ပြင် ထိုကဲ့သို့ ကန့်သတ်ပိတ်ပင်ရာတွင်လည်း တိကျစွာ လိုက်နာရမည့် မူများအဖြစ် အဖွဲ့ဖြင့်သာ ဆုံးဖြတ်၍ ကန့်သတ်မိန့် ချမှတ်ရမည်ဟူ၍လည်းကောင်း၊ မူလအခွင့်အရေးများအနက် လိုအပ်သရွေ့သာ ကန့်သတ်ရမည် ဟူ၍လည်းကောင်း၊ ကာလအပိုင်းအခြားအားဖြင့် အတိုတောင်းဆုံးဖြစ်ရမည် ဟူ၍လည်းကောင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူအား ပြန်လွှတ်ပေးပြီးနောက် မူလအရေးယူခဲ့သည့် ကိစ္စရပ်အပေါ်အခြေပြု၍ ဤဥပဒေအရ ထပ်မံ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ ဟူ၍လည်းကောင်း အတိအလင်း ပြဌာန်းထားပေသည်။

အထက်ဖေါ်ပြပါ ဥပဒေပြဌာန်းချက်များကို လေ့လာကြည့်ပါက ပထမဆုံးအကြိမ်အဖြစ် ဗဟိုအဖွဲ့က အကျဉ်းချထားခြင်းဖြင့် အရေးယူနိုင်သည့်ကာလမှာ ၆ လ ဖြစ်သည်။ ထို့နောက် လိုအပ်လျှင် ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထပ်မံအရေးယူနိုင်သည့် ကာလမှာ ၃ နှစ် ဖြစ်သည်။ အကျယ်ချုပ်ဖြင့် ထားမည်ဆိုပါက ဗဟိုအဖွဲ့မှ ပထမဆုံးအကြိမ် တနှစ်အထိ ကန့်သတ်ပိတ်ပင်နိုင်ပြီး နောက်ပိုင်း လိုအပ်လာပါက ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထပ်မံ ကန့်သတ်ပိတ်ပင်နိုင်သည့် ကာလမှာ ၃ နှစ် ဖြစ်သည်။

လူတဦးတယောက်၏ မူလအခွင့်အရေးများကို တားဆီးပိတ်ပင် ချိုးဖောက်နိုင်သည့် အခွင့်အာဏာကို အုပ်ချုပ်သူများလက်သို့ ဝကွက်အပ်ထားရာတွင် စိတ်ချသေချာနိုင်စေရန် အဆင့်ဆင့် လုပ်ပိုင်ခွင့်များ ပေးအပ်ထားသည်ကို တွေ့ရပေသည်။ ထိုဥပဒေသည် အုပ်ချုပ်သူတို့ကို အာဏာလွန်ကဲစွာ ကျင့်သုံးချင်သည့် စိတ်ဓာတ်များ ပေါက်ဖွားပေးနိုင်စွမ်းသော ဥပဒေပင်ဖြစ်သည်။ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည်” ဟူသော စကားလုံးကို ခုတုံးလုပ်၍ အုပ်ချုပ်သူများစိတ်ကြိုက် နိုင်ငံသားတို့၏ လူ့အခွင့်အရေးကို ချိုးဖောက်ခွင့် ပေးထားလေသည်။ လူထု၏ ပွင့်လင်းလွတ်လပ်သော အမြင်၊ ပွင့်လင်းလွတ်လပ်သော အသံ၊ ပွင့်လင်းလွတ်လပ်သော ထုတ်ဖေါ်ပြောဆိုခွင့်တို့သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထိရောက်ကောင်းမွန်သော စွမ်းအားများဖြစ်ကြောင်း ယနေ့ အတွေးအခေါ်များ မြင့်မားတိုးတက်ရာ ကမ္ဘာကြီးထဲတွင် ယင်းသို့သော လူ့အခွင့်အရေးချိုးဖောက်သည့် ဥပဒေနှင့် ယင်းဥပဒေကို ဖက်တွယ်အသုံးပြုနေကြသည့်အတွက် တိုင်းပြည်၏ အနာဂတ်အရေးသည် အဆိုးဘက်သို့သာ ဦးတည် လျှောက်လှမ်းနေဦးမည်ဖြစ်သည်။

(၄)

လူထုခေါင်းဆောင်အား ယင်းဥပဒေနှင့် ပထမဆုံးအကြိမ် အရေးယူလိုက်သည့်အချိန်တွင် ယင်းဥပဒေကို နဝတအစိုးရက ပြင်ဆင်ခြင်းမပြုလုပ်ရသေးမီအချိန်က ဖြစ်သည်။ ထိုကဲ့သို့ အရေးယူထားသည့် ကာလအတွင်း နဝတအစိုးရသည် ဥပဒေအမှတ် (၁၁/၉၁) ဖြင့် မူလဥပဒေ ပုဒ်မ (၁၄) ပြဌာန်းချက်ပါ တကြိမ်လျှင် ရက်ပေါင်း ၁၈၀ ထက် မပိုစေဘဲ စုစုပေါင်း ၃ နှစ် ဆိုသည့် စကားရပ်အစား တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း ၅ နှစ်အထိ ဆိုသည့် စကားရပ်ကို အစားထိုးလိုက်သည်။ အစားထိုးလိုက်သည့် စကားရပ်သည် စာကြောင်းနှစ်ကြောင်းပြည့်အောင်ပင် မရေးရသော်လည်း လူတဦးတယောက်အတွက် ယင်းပြင်ဆင်ချက်အရဆိုလျှင် ၂ နှစ် ထပ်မံ ချုပ်နှောင်တားဆီးခြင်း ခံရမည်ဖြစ်သောကြောင့် ကုန်လွန်ရမည့် အချိန်ကာလအတိုင်းအတာအားဖြင့် တွက်လျှင် ဘဝပျက်နိုင်သည့် ကာလအတိုင်းအတာပင်ဖြစ်သည်။

လူထုခေါင်းဆောင်ကို ယင်းပြင်ဆင်သည့် ဥပဒေအတိုင်းပင် နေအိမ်အကျယ်ချုပ်ဖြင့် ပထမဆုံးအကြိမ် တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင်မှ နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သောကြောင့် ဖြစ်သည်။ ၅ နှစ် တင်းတင်းပြည့်ရန် ၁၀ ရက်သာလိုသည့် အချိန်တွင် ပြန်လွှတ်ပေးလိုက်သည့်အတွက် (၁၁/၉၁) ပြင်ဆင်သည့် ဥပဒေအရ ထိန်းသိမ်းထားခြင်းဟု မှတ်ယူရမည်ဖြစ်ကာ ဥပဒေသဘောအရ ကြည့်လျှင် မည်သည့်ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်မှုမရှိစေရဟူသည့် မူသဘောကို နဝတအစိုးရက ဖောက်ဖျက်လိုက်ခြင်းပင်ဖြစ်သည်။

ထို့ပြင် ပြန်လွှတ်ပေးလိုက်သည်ဆိုရာတွင်လည်း စည်းရုံးရေးခရီးမထွက်ရဟူသော ချွင်းချက်ဖြင့်သာ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်လေသည်။ ထိုနောက်ပိုင်း ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လတွင် တကြိမ်၊ စက်တင်ဘာလတွင် တကြိမ် ထပ်မံ နေအိမ်အကျယ်ချုပ်ချမှတ်ခံရသေးသည်ဟု သိရှိရကာ ယခုနောက်ဆုံး ၂၀၀၃ ခုနှစ်၊ မေလ ဒီပဲယင်းမြို့၊ ကျည်ရွာအနီး အကြမ်းဖက် လုပ်ကြံတိုက်ခိုက်ခံရပြီး ယခုအချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘဲ ပုဒ်မ (၂၂) ဖြင့်ပင် တရားစွဲဆို ခံထားရပေသေးသည်။

(၅)

ကျွန်တော်သည် ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှု မတိုင်ခင်ကတည်းကပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးဖြစ်နေပြီဖြစ်သည်။ ၂၀၀၃ ခု မေလ (၃၀) ရက်နေ့တွင် ကျွန်တော်သည် လူထုခေါင်းဆောင်၏ နေအိမ်ခြံဝင်းအတွင်း၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေရသည်။ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားပြီးနောက်ပိုင်း လူထုခေါင်းဆောင်၏ နေအိမ်ခြံဝင်းအတွင်းရှိ သူအားလုံးအား ပြင်ပသို့ ဝင်ထွက်သွားလာခွင့်ကို အာဏာပိုင်များမှ လာရောက်ပိတ်ပင်လိုက်သည်။ ထို့ကြောင့် ဗဟိုလူငယ်တာဝန်ခံတစ်ယောက်အပါအဝင် လူငယ် ၆ ဦး အပိတ်ခံထားရလေသည်။လူထုခေါင်းဆောင်၏ နေအိမ်အနောက်ခြမ်းတွင် ဗိုလ်မှူးကြီး မောင်ပါ၏နေအိမ် တည်ရှိပြီး အရှေ့ဘက်ခြမ်းတွင် အခြေခံပညာမူလတန်းကျောင်းတကျောင်း ရှိသည်။ မူလတန်းကျောင်းဝင်းထဲတွင် ရဲတပ်ရင်းများမှ လုံခြုံရေးများ တပ်စွဲနေထိုင်စေလျက် လမ်းမဘက်မျက်နှာစာတွင် လုံခြုံရေးဂိတ်များထားရှိကာ မောင်းတံများဖြင့် လမ်းမကို တားဆီးပိတ်ပင်ထားသည်။

အင်းလျားကန်ဘက်တွင်လည်း ဘယ်ဘက်အခြမ်းရော၊ ညာဘက်အခြမ်းတွင်ပါ လုံခြုံရေးဂိတ်များကို အင်းလျားကန်အတွင်းသို့ ထိုးထွက်ဆောက်လုပ်ထားရှိပြီး ၂၄ နာရီပတ်လုံး လုံခြုံရေးအစောင့်ထားရှိထားသည်။ ထို့ပြင် အင်းယားကန်ဘက် ခြံစည်းရိုးနှင့် ထိစပ်လျက်ရှိသော ရေထဲတွင် ပထမအကြိမ် နေအိမ်အကျယ်ချုပ် ထားရှိစဉ်အကြိမ်ကတည်းက အာဏာပိုင်များသည် သွပ်ဆူးကြိုးများကို ချထားခဲ့သည်ဟု သိရှိရပေသည်။ ထို့ကြောင့် ထိုအင်းယားကန်ရေပြင်ထဲသို့ ဆင်းရန် လွယ်ကူလှသည်မဟုတ်ပေ။ ယခုနောက်ပိုင်း ကျတော်တို့ရှိခဲ့သည့် အချိန်တွင်ပင် ထိုအင်းယားကန်ထဲ၌ ဗေဒါပင်များ ထူထပ်စွာ ပေါက်ရောက်နေခြင်းကြောင့် လူတဦးတယောက်သည် လုံခြုံရေးအစောင့် ရဲများ မသိရှိနိုင်အောင် ရေငုပ်ဝင်၍မရနိုင်သည့် အနေအထားမျိုးပင်ဖြစ်သည်။ လူထုခေါင်းဆောင်သည် ‘အာရှတော်ဝင်’ အထူးကုဆေးခန်းတွင် တက်ရောက်ကုသပြီးနောက်ပိုင်းတွင်မှ နေအိမ်ခြံဝင်းအတွင်း ပြန်ပို့ခံခဲ့ရခြင်းဖြစ်သည်။ ထိုကဲ့သို့ လူထုခေါင်းဆောင် နေအိမ်ပြန်ရောက်လာသည့်နောက်ပိုင်းတွင် လုံခြုံရေးရဲများသည် အင်းလျားကန်ဘက်အခြမ်းတွင် လုံခြုံရေးကို ပိုမိုအာရုံစိုက်လာခဲ့ပြီး ညအချိန်ဆိုလျှင် မော်တော်ဖြင့် ကင်းလှည့်စစ်ဆေးသည့် အဖြစ်အပျက်များကိုပင် ကြုံတွေ့ခဲ့ရဖူးသည်။

(၆)


ထို့ကြောင့် မစ္စတာ ဂျွန်ဝီလျံယက်တော လုံခြုံရေးအစောင့်ရဲများ မသိရှိဘဲ လူထုခေါင်းဆောင်၏ နေအိမ်ခြံဝင်းအတွင်း ဝင်ခွင့်ရရှိခဲ့သည်ဆိုသည်မှာ အကြောင်းခြင်းရာ ပြဿနာအားဖြင့် လွန်စွာ သံသယဖြစ်ဖွယ် ကောင်းပေသည်။ ထို့ထက်ဆိုးသည်မှာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် မစ္စတာ ယက်တော လူထုခေါင်းဆောင်၏ ခြံဝင်းအတွင်း ဝင်ရောက်ခဲ့သည်ကို ဒေါက်တာ တင်မျိုးဝင်းမှတဆင့် အာဏာပိုင်များ သိရှိအရေးယူနိုင်ရန် အသိပေးတိုင်တန်းထားခြင်းပင်ဖြစ်သည်။ ထိုသည်မှာ လူထုခေါင်းဆောင်အား ယခု တရားစွဲဆိုထားသည့်တရားလို ဒုရဲမှူးကြီး ဇော်မင်းအောင်၏ ပထမသတင်းပေးတိုင်ချက်အရ ပေါ်လွင်နေသော အချက်ဖြစ်သည်။ ဒုရဲမှူးကြီး ဇော်မင်းအောင်ကိုယ်တိုင် ပထမအကြိမ် မစ္စတာယက်တော ဝင်ရောက်ခဲ့သည်ကို သိရှိပြီးသားဖြစ်နေသည်။ ထို့ကြောင့် ဒုတိယအကြိမ် မဝင်ရောက်မီ စောင့်ကြပ်ဖမ်းဆီးရမည့် တာဝန်သည် ရဲများ၏ တာဝန်သာဖြစ်ကြောင်း အကြောင်းခြင်းရာ ပြဿနာများက ထင်ထင်ရှားရှား ပြဆိုလျက်ရှိပေသည်။

ထိုကဲ့သို့ တိုင်တန်းသူရှိပါက ရဲအရေးပိုင်သော အမှုဖြစ်လျှင် ဝရမ်းထုတ်ဆင့် ဖမ်းဆီးရမည့်တာဝန် ရှိပါလျက် ထိုတာဝန်ကို ပျက်ကွက်ခဲ့သဖြင့် ယင်းသို့သော တာဝန်ပျက်ကွက်မှု အခြေအနေများကြောင့် ပေါ်ထွက်လာသော အကျိုးဆက်များ၏ ပြစ်ဒဏ်ကို ရဲများကိုသာ ခံစားစေခြင်းက ပိုမို၍ တရားမျှတပေလိမ့်မည်။

တရားစစ်ဆေးစီရင်ရာတွင်လည်း အင်းစိန်ထောင်တွင်းတရားရုံးတွင် စစ်ဆေးစီရင်နေခြင်းဖြစ်ကြောင်း သိရှိရကာ ထိုကဲ့သို့ စစ်ဆေးစီရင်ခွင့် ရှိသည်မှန်သော်လည်း၊ အမှုကို စတင်မစစ်ဆေးမီကတည်းက ထိုကဲ့သို့ စစ်ဆေးစီရင်မည့်အကြောင်းကို တရားသူကြီးက ထုံးပုံကျ အမိန့်တရပ် ချမှတ်ပေးရမည်ဖြစ်ပေသည်။ သို့ရာတွင် ထိုအမှုကို စစ်ဆေးလျက်ရှိသော မြောက်ပိုင်းခရိုင်တရားသူကြီးက ထုံးပုံကျအမိန့်ကို ကြိုတင်ချမှတ် အသိပေးထားခြင်းမရှိဘဲ လူထုခေါင်းဆောင်၏ ရှေ့နေကြီးများက ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးအတွက် တောင်းဆိုတင်ပြ လျှောက်လဲသောအခါတွင်မှသာ တရားရုံးချုပ်၏ အမိန့်ညွှန်ကြားချက်ရှိပါသည်ဟု ပြန်လည်ရှင်းလင်းခြင်းမှာ ကနဦးကတည်းကပင် ဘက်လိုက်စစ်ဆေးမည်ဟူ၍ ကောက်ယူသုံးသပ်ပါက ရနိုင်ပေသည်။

ထို့ထက်ဆိုးသည်မှာ လူထုခေါင်းဆောင်ဘက်မှ တင်ပြသော သက်သေ ၄ ဦးရှိသည့်အနက် တဦးတည်းကိုသာ လက်ခံခွင့်ပြုခဲ့ခြင်းဖြစ်သည်။ တရားလိုဘက်မှတင်ပြသော သက်သေ (၂၂) ဦးရှိသည့်အနက် ထက်ဝက်ကျော်ကို လက်ခံစစ်ဆေးခဲ့ပြီး ယင်းတို့အထဲတွင် ပုဒ်မ (၂၂) ပြဌာန်းချက်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော မွတ်ဆလင်ဘာသာဝင် အမျိုးသမီးများဝတ်ဆင်သည့် ဝတ်စုံကို တရားရုံးတော်ရှေ့တွင် သရုပ်ပြဝတ်ဆင်ခိုင်းကာ စစ်ဆေးမေးမြန်းမှုများပင် ပြုလုပ်ခဲ့သည်ကို တရားရုံးတော်က မသိကျိုးကျွံပြု ခွင့်ပေးလိုက်ခြင်း၊ ယင်းကိစ္စကိုပင် နိုင်ငံပိုင်သတင်းမီဒီယာများသို့ တဖက်သတ် အမြင်များဘက်မှ ထုတ်လွှင့်စေခြင်းအားဖြင့် လူထုခေါင်းဆောင်ကို ပြည်သူလူထု အယုံအကြည်မဲ့စေရန် တမင်ဘက်လိုက် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ပေါ်လွင်လှပေသည်။

လက်ခံစစ်ဆေးလျက်ရှိသော တရားရုံးတော်အနေဖြင့် လူထုခေါင်းဆောင်ဘက်မှ တင်ပြသော သက်သေများသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇(၁) အရ အမှုစစ်ဆေးစီရင်သည်ကို အနှောင့်အယှက်ပြုရန် သို့မဟုတ် ကြန့်ကြာစေရန် သို့မဟုတ် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စများ အလို့ငှာ လုပ်ဆောင်သည်ဟု ယူဆပါက ငြင်းပယ်ခွင့်ရှိသည်မှန်သော်လည်း ယင်း လုပ်ပိုင်ခွင့်ကို တလွဲအသုံးပြု၍ ဘက်လိုက်ဆုံးဖြတ်လိုက်ကြောင်း အထက်ဖေါ်ပြပါ ဘက်နှစ်ဘက်သက်သေခံ တင်မှုခွင့်ပြုမပြု ဖြစ်ရပ်များကို နှိုင်းယှဉ်ကြည့်ပါက ပေါ်လွင်ပေမည်ဖြစ်သည်။

ထို့ပြင် ရဲချုပ် ခင်ရီနှင့် သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်သိန်းတို့ကလည်း ယင်းအမှုကို စစ်ဆေးနေဆဲကာလအတွင်း ၂၆.၅.၂၀၀၉ ရက်နေ့တွင် လူထုခေါင်းဆောင်ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေများကို တက်ရောက်စေခြင်းဖြင့် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းမှာ လူထုခေါင်းဆောင်ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေများကို စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်ရာရောက်သည့်အပြင် ခုခံကာကွယ်ရေးလမ်းကြောင်းအတွက် များစွာ ထိခိုက်သွားစေရန် တမင်ကြံရွယ်ချက်ဖြင့် လုပ်ဆောင်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ပြင် အမှုစစ်ဆေးလျက်ရှိသော တရားရုံးတော်ကိုလည်း ပိုမို၍ ဘက်လိုက်စစ်ဆေးခွင့်ရရန် အားပေးလမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေပေသည်။

(၇)

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြင့် တားဆီးပိတ်ပင်ခံထားရသူများထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်သော ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူ မဝင်းမမတို့ မပါဝင်ကြောင်းကိုလည်း သတိပြုရမည်ဖြစ်သည်။ ဒေါ်ခင်ခင်ဝင်း နှင့်မဝင်းမမတို့သည် နိုင်ငံရေးအသိစိတ်ဓာတ်အရင်းခံဖြင့် လူထုခေါင်းဆောင်၏ နေမှု၊ ထိုင်မှု၊ စားမှုသောက်မှု၊ အိမ်မှုကိစ္စအဝဝကို ကူညီလုပ်ကိုင်ပေးနိုင်ရန်အတွက် အာဏာပိုင်တို့၏ ခွင့်ပြုချက်နှင့်အညီ လာရောက်နေထိုင်ပေးခြင်းသာဖြစ်သည်။

ဒေါ်ခင်ခင်ဝင်းသည် လူထုခေါင်းဆောင်၏ ခြံဝင်းအတွင်း လုံခြုံရေးလူငယ်များ နေထိုင်ခွင့်ရခဲ့သည့် အချိန်များက မနက်ပိုင်းတွင်မှ လာရောက်၍ ညပိုင်းတွင် ပြန်လည်ထွက်ခွင့်ရရှိသူတဦးဖြစ်သည်။ ထို့အတူ မဝင်းမမသည်လည်း လုံခြုံရေးလူငယ်များ ခြံတွင်းမှ ထွက်ခဲ့ရပြီးနောက်ပိုင်းတွင်မှ ဝင်ရောက်ခွင့်ရခဲ့သူတဦး ဖြစ်သည်။ ထို့ကြောင့် ကန့်သတ်မိန့် ချမှတ်ခံရသူများအထဲတွင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ မပါဝင်ကြောင်း အကြောင်းခြင်းရာများအရ ပေါ်လွင်လျက်ရှိသည်။

ထိုကဲ့သို့ တရားစွဲဆိုရန်မသင့်သော အမှုတွင် ထည့်သွင်းတရားမစွဲဆိုထိုက်သူများကို မလွှဲသာမရှောင်သာ ၀မ်းနည်းစွာဖြင့် တရားစွဲဆိုလိုက်ရသော နအဖအစိုးရ၏ စေတနာအရင်းခံကို သြချရလောက်အောင်ပင် လေးစားရမည်ဖြစ်ပေသည်။

(၈)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုသည့် ကော်မတီ (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီက) သည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ဖျက်သိမ်းကြောင်း တိုင်းသိပြည်သိ ကြေငြာထုတ်ပြန်ထားပြီးဖြစ်သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီသည် ဥပဒေရှုထောင့်မှ သုံးသပ်ပါက နအဖအစိုးရထက် ပိုမို၍ တရားဝင်သည်ဟုသာ သုံးသပ်ရမည်ဖြစ်သည်။ ပြည်သူလူထု၏ လွတ်လပ်စွာ ပေးအပ်ထားသော မဲဆန္ဒများကိုပိုင်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့်လည်းကောင်း၊ လူထု၏ ထောက်ခံမှုရရှိထားသော ခေါင်းဆောင်များဖြင့်လည်းကောင်း ဖွဲ့စည်းထားသောကြောင့်ဖြစ်ပေသည်။

သို့ရာတွင် နအဖအစိုးရအနေဖြင့် ကိုယ်ကိုတိုင် ပေးအပ်ထားသော ကတိကဝတ်များကို အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့ခြင်း၊ လူထု၏ ဆန္ဒများကို အကြိမ်ကြိမ် မျက်ကွယ်ပြုခဲ့ခြင်း၊ ၄င်းတို့အာဏာ တည်မြဲရေးအတွက်ဆိုလျှင် မတရားသော အမိန့်အာဏာများကို အချိန်မဆိုင်း ထုတ်ပြန်ရဲခြင်း၊ ခေတ်ကာလအခြေအနေများနှင့် မကိုက်ညီတော့သည့် ဥပဒေများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ဖက်တွယ်ရှင်သန်နေစေခြင်း စသည့်လုပ်ရပ်များကိုသာ စိုက်လိုက်မတ်တပ် လုပ်ဆောင်ခဲ့သည့်အတွက် ၎င်းတို့အုပ်ချုပ်သည့် သက်တမ်းတလျှောက်လုံးတွင် မြန်မာနိုင်ငံအတွက် ရရှိခဲ့သော တခုတည်းသော ရလဒ်မှာ လောကပါလတရားများ ဆိတ်သုဉ်းပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။

ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ကြသူများအား တရားစီရင်ရေးယန္တရားကို အသုံးချကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခြင်းအားဖြင့်လည်းကောင်း၊ ပြည်သူလူထုကို အကြောက်တရား လွှမ်းမိုးစေ၍ ဖိနှိပ်ချုပ်ချယ်ထားခြင်းအားဖြင့်လည်းကောင်း၊ ယခုနောက်ဆုံး လူထုခေါင်းဆောင်ကိုပင် ထောင်သွင်းအကျဉ်းချရန် တရားစွဲဆို စစ်ဆေးစီရင်ရဲသည်အထိ အတင့်ရဲသော လုပ်ရပ်များဖြင့် စိတ်ထင်တိုင်း ဆိုးသွမ်းရမ်းကားလာပြီဖြစ်ပေသည်။
ယင်းကဲ့သို့သော လုပ်ရပ်များသည် နအဖအစိုးရတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ၎င်းတို့စေခိုင်းသည့်အတိုင်း အကောင်အထည်ဖေါ် လုပ်ကိုင်ဆောင်ရွက်ပေးသော သူများအားလုံးတွင် တာဝန်ရှိပေသည်။

(၉)

ထို့ကြောင့် ယနေ့အချိန်အခါတွင် တိုင်းပြည်အတွက် အရေးကြီးသော လုပ်ငန်းစဉ်တရပ်မှာ မတရားသော အမိန့်အာဏာဟူသမျှကို တာဝန်အရ ဖီဆန်ကြရန် သာ ဖြစ်ပါတော့သည်။

စာဖတ်သူများကိုအစဉ်လေးစားလျက် -
စောကျော်ကျော်မင်း
၂.၆.၂၀၀၉



No comments:

Post a Comment