Wednesday, January 19, 2011

အကိုကြီး ဦးတင်မောင်ဝင်းသို့ ......





“ကြယ်ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာ ကျဆုံးပါစေ”


မမကြူရဲ့ ခင်ပွန်းသည် အင်းစိန်ထောင် တိုက်အတွင်း ကျဆုံးသွားရမှုအပေါ် န၀တကို စိန်ခေါ် စွပ်စွဲလိုက်တဲ့ ကဗျာလေးက တသက်တာလုံး မေ့နိုင်ဖွယ်ရှာ မရှိပါ။


တသက်တာလုံး မေ့နိုင်ဖွယ် မရှိနိုင်တဲ့ အကိုကြီး ဦးတင်မောင်ဝင်းရဲ့ ကျဆုံးမှု နှစ်ပတ်လည်နေ့ကို ရောက်လေတိုင်း သူ့အကြောင်း သူ့မှတ်တမ်း သူ့အတွက် အမှတ်တရတွေက ရင်ထဲ စိတ်ထဲမှာ စီကာစဉ်ကာ ပေါ်လာစမြဲပါ။


၁၉၄၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အကိုကြီးဟာ ၁၉၅၇-၁၉၅၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား စ ဖြစ်ပါပြီ။ ဗကသများ အဖွဲ့ချုပ်နဲ့ တကသ အဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေး တပ်ဥိး တွဲဖက် အတွင်းရေးမှူး နဲ့ သဘာပတိ အဖွဲ့ဝင် ၁၉၆၂ ခုနှစ် ဇူလိုင် အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား အခွင့်အရေး ကာကွယ်မှု တိုက်ပွဲကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် အဖြစ်နဲ့ အဲဒီ အချိန်ကတည်းက စစ်အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့တဲ့သူတယောက်ပါ။


အံ့သြစရာကောင်းတာ တခုက သူ့ရဲ့ အကိုကြီး ဦးဇော်ဝင်း (ဗိုလ်မှူးကြီး ဇော်ဝင်း) မဆလခေတ် နိုင်င့တော် ကောင်စီဝင် နိုင်ငံတော် လုံခြုံရေး ကော်မတီဝင်က ဦးနေ၀င်းရဲ့ စစ်တပ်က စစ်အာဏာရှင် တဦး။ သူက စစ်အာဏာရှင်ကို အချိန်ရရွေ့ တိုက်ပွဲ ၀င်နေသူ။ သူတို့ ၂ ဦး ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင် အရွေးခံရခြင်းပဲ ဖြစ်ပါတယ်။ အကိုကြီးတင်မောင်ဝင်းက ပြည်သူတွေရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖြစ်ပြီး သူ့အကိုကြီးကတော့ မဆလ တဖြစ်လဲ တစည ပါတီက ဖြစ်တယ်လေ။ အဲဒီတုန်းက ဒီမိုကရေစီသမား အကိုကြီးတင်မောင်ဝင်းက စစ်အာဏာရှင် တဖြစ်လဲ ဦးဇော်ဝင်းကို အနိုင်ယူခဲ့တယ်လေ။


ကျနော်နဲ့အတူ မဲဆွယ် စည်းရုံးပွဲတွေမှာ သူ့ပြည်သူနဲ့ သူ့ဆွေမျိုးသားချင်းတွေကို ရှင်းပြချက်က မှတ်သားစရာ အပြည့်ပါ။ ကျနော် မှတ်မိနေတာက စ ပြောတဲ့ နေရာက မက္ကသံ ဆိုတဲ့ ရွာကြီးမှာ အဖေကိုယ်တိုင်က ခရမ်းမြို့တော်ဝန် ဆွေမျိုး အသိုင်းအ၀ိုင်းကလည်း ကြီးမား၊ သြဇာအာဏာလည်း ကြီးမားကြတဲ့ မိသားစုတွေကြား ရွာလုံးကျွတ်နီးပါး တက်လာတဲ့ ဒီပွဲမှာ အကိုကြီး ဦးတင်မောင်ဝင်းက -
“ဦးဇော်ဝင်းဟာ ကျနော့် အကိုကြီး၊ အဖေဆုံးသွားပြီးတဲ့နောက် ကျနော့်ကို အစစ အရာရာ သွန်သင် ဆုံးမ စောင့်ရှောက်ခဲ့လို့ ကျနော် ဖခင်ဆိုလည်း မမှားပါဘူး။ ကျနော် တခါ သေကောင်ပေါင်းလဲ ဖြစ်တဲ့ အခါမှာ စင်္ကာပူက ဆေးတွေ မှာပြီး ကျနော် ရောဂါပျောက်အောင် ကုပေးလို့ ကျနော် အသက်သခင် ကျေးဇူးရှင် ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အခု ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲမှာ အကိုကြီးတမျက်နှာတည်း မကြည့်နိုင်ဘူး။ အကိုကြီးရဲ့ ကျေးဇူးတွေကို နောက်ဘ၀ ပြောင်းပြီး ဆယ်သက် ဆပ်ရဦးတော့ ကျနော် ဆပ်မယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီ လိုလားတဲ့ သန်း ၅၀ မြန်မာပြည်သူတွေရဲ့ မျက်နှာကိုပဲ ကျနော် ကြည့်နိုင်မယ်။


၁၉၆၂ စစ်တပ်က ပြည်သူ့အာဏာကို သိမ်းလိုက်တော့ အကိုကြီးနဲ့ ကျနော့် ကြားမှာ ရေမြောင်းကလေး ခြားသွားပါပြီ။ အဲဒီအချိန်က ခုန်ကူးမယ် ဆို ကူးလို့ ရနိုင်လောက်တဲ့ အကျယ်၊ ရေ တသွင်သွင်နဲ့ စီးနေတဲ့ မြောင်း။ ဒါပေမယ့် ဆဲဗင်းဂျူလိုင် အရေးအခင်းကြီး အပြီးမှာတော့ ခုန်ကူးလို့ မရတော့ဘဲ မြောင်းကြီး ဖြစ်သွားပါပြီ။


အဲဒီနောက် ၇၂ ကျွန်းဆွယ် အရေးအခင်း၊ ၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခ်းတွေ အပြီးမှာတော့ အကိုကြီးနဲ့ ကျနော် ကြားမှာ မြောင်းကြီးကနေ ချောင်းကြီး၊ မြစ်ကြီး၊ ပင်လယ်ကြီး ခြားသွားပါပြီ။


အခု ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ အကိုကြီးနဲ့ ကျနော့်အကြား သွေးပင်လယ်ကြီး ခြားသွားပါပြီ။ ဦးမြို့ (ဖခင်)၊ ဒေါ်သန်းရှင် (မိခင်) တို့ရဲ့ တအူတုံဆင်း ညီအကိုအရင်းတွေ ဖြစ်ကြပေမယ့် အကိုကြီးနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ မဆုံနိုင်စရာ သွေးပင်လယ်ကြီး၊ ကျောင်းသား ရဟန်း ပြည်သူတွေရဲ့ သွေးပင်လယ်ကြီး ခြားသွားပါပြီ” တဲ့။


ပြီးတော့ “ကျနော့်ရဲ့ ဘ၀၊ ကျနော့်ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေး အတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ် ဆိုရင် အရိုးပုံရဲ့ အောက်ဆုံး နေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်” တဲ့။


အကိုကြီးတင်မောင်ဝင်းကို ခရမ်းသူ ခရမ်းသားတွေက သိပ် ချစ်ကြပါတယ်။ အထူးသဖြင့် တောသူတောင်သားတွေက ပိုလို့ ချစ်ကြပါတယ်။ သူ့ကို ရင်းနှီးသူတွေက တင်မောင်ဝင်း မခေါ်ကြပါ။ ကိုကိုကြီး လို့သာ ခေါ်ကြပါတယ်။ တကောကန် ဆိုတဲ့ ကျေးရွာက လယ်သမားကြီး ဦးသန်း ဆိုရင်
“ကိုကိုကြီးကို သူ့အကို ဦးဇော်ဝင်းနဲ့ ဆွေမျိုးသားချင်းတွေကတော့ ဆွမ်းဆန်ထဲ ရောကျနေတဲ့ ကြွက်ချေး လို့ ပြောမှာပေါ့ကွ။ ဒါပေမယ့် တကယ်ကျတော့ သူက ကျောက်ရိုင်းတုံးတွေကြားက တန်ဘိုးအရှိဆုံး အမြတ်ဆုံးစိန်ကွ၊ စိန်” လို့ အားရပါးရ ပြောဖူးပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် အဖမ်းခံရပြီးနောက် မျိုးချစ် အများစု ဦးစီးတဲ့ NLD ရဲ့ CEC (ဗဟိုအလုပ်အမှုဆောင် အဖွဲ့) က ဗဟို၊ တိုင်း နဲ့ မြို့နယ်အဆင့် ခေါင်းဆောင်တွေကို အကြောင်း အမျိုးမျိုး ပြပြီး အရေးယူဆောင်ရွက်နေချိန်မှာ အကိုကြီးက တွေ့ဆုံ ဖြေရှင်းပွဲ တခုမှာ CEC ကို “တလှေတည်းစီး တခရီးတည်းသွားနေတယ် ပြောပြီး လှေဝမ်းဗိုက်ကို ဖောက်ပြီး လှေနစ်အောင် လုပ်နေတာ ဘယ်သူတွေလဲ”လို့ ပြန်လှန်မေးခွန်းထုတ်ပြီး ရဲရဲဝံ့ဝံ့ ဖြေရှင်းနိုင်သူ၊ ဦးဆောင်မှု ပေးနိုင်သူ တဦးလည်း ဖြစ်တယ်။


အကိုကြီး ကျဆုံးသွားပြီလို့ ကြားပြီးတဲ့ နောက်တပတ် လွှတ်တော်အမတ်များ၊ NLD အဆင့်ဆင့် ခေါင်းဆောင်များကို အင်းစိန်ထောင်၊ တွဲဖက်ထောင်ဗူးဝက စစ်ခုံရုံးတင်တော့ မြိုင်မြို့နယ် အမတ် ဦးအောင်ဆန်းမြင့်ပြောလို့ အကိုကြီး သွေးကင်ဆာနဲ့ ဆုံးသွားပါပြီ ဆိုတာ သိရပါတယ်။


ဖြေသာတာ တခုက သူ မဆုံးမီမှာ သူချစ်တဲ့ သူ့နိုင်ငံရေး ရဲဘော်ကြီး ရန်ကြီးအောင် စိန်ဝင်း (ကိုကိုးကျွန်းပြန် ကျောင်းသားခေါင်းဆောင်၊ သုံးခွမြို့နယ် ၁၉၈၈ သပိတ်ခေါင်းဆောင်) နဲ့ တတိုက်တည်း အတူတူ နေသွားရသေးတယ် ဆိုတာပါ။


အနှစ် ၂၀ ရှိခဲ့ပါပြီ အကိုကြီးရယ် -

ဒါပေမယ့် မနေ့ တနေ့ကလိုပါပဲ။


ချစ်တဲ့
ညီငယ်
ကျော် (ခရမ်း-၁)

ကျော်သွင်

ဇန်န၀ါရီ ၁၈၊ ၂၀၁၁ မိုးမခမှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ သဘောထားများ




စာမျက်နှာများကို ကြည်လင်ပြတ်သားစွာ ဖတ်ရှုနိုင်ရန် စာမျက်နှာကို click လုပ်၍ ဖတ်ရှုနိုင်ပါသည်။


ပေးပို့ပေးသူ (KTH) အားအထူးကျေးဇူးတင်ရှိပါသည်။

Wednesday, January 5, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှ ကျင်းပခဲ့သော လွတ်လပ်ရေးနေ့ အခမ်းအနား



yamounnar (နေ့သစ်)ထံမှ ပြန်လည်ကူးယူဖေါ်ပြပါသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မှ ကျင်းပခဲ့သော လွတ်လပ်ရေးနေ့ အခမ်းအနား (VOA)



2010 Review (DVB)




လူထုခေါင်းဆောင်၏ နှစ်သစ်နှုတ်ခွန်းဆက်စကား (VOA)



ရုပ်မြင်သံကြားစကားဝိုင်း (DVB)




လူထုခေါင်းဆောင်၏ အင်တာဗျူး( At The Crossroads)